လာခြင်းကောင်းသောလူကလေး

Thar Gyi Ko Ogga

မေမေချစ်သောသားကြီးကိုဥဂ္ဂါ

သားကြီး ကိုမေမေ စတင်မွေးဖွားခဲ့တဲ့ ကာလလေး ဟာ မေမေ့ဘဝရဲ့ အမှတ်တရ–ဖြစ်သောအမှတ်တရ–များစွာ တွေထဲမှာ အမှတ်တရ အဖြစ်ရဆုံး ပါပဲသားကြီးရေ..။

မေမေ ဟာအဲဒီတုံးက ရန်ကင်းတောင်အရှေ့ဘက် မှာတည်ရှိတဲ့ စိုက်ပျိုးရေးသိပ္ပံ ပုသိမ်ကြီးမှာ ဆရာမ အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ အချိန်မှာပေါ့..။ရန်ကုန်ကနေ မွေးဖွားခွင့် ယူဘို့ ပုသိမ်ကြီးကိုလာခဲ့တယ်။ ၁၉၈၇ စက်တင်ဘာလ ၃ရက်နေ့မှာပါ…။

ခွင့်တင်ပြီးတာနဲ့ မေမေ ဟာ ၅ရက်နေ့ ညရထားနဲ့ ညမှာ ရန်ကုန်ပြန်မယ်ပေါ့။စက်တင်ဘာလအတွက်လစာငွေ ၄၅၀ကျပ် ကို ထုတ်ယူပြီးမေမေ ဟာ မကြာခင် မှာလူ့လောကထဲရောက်လာမဲ့ သားကြီးတွက် ပြင်ဆင်ပါတယ်..။ရန်ကုန် မန္တလေး အထက်တန်းတွဲလက်မှတ် မှာပါတယ်..။မေမေ့အတွက် ဆွယ်တာတစ်ထည်၊သားကြီးအတွက် တရုတ်နို့မှုန့်၊ သူငယ်နာပေါင်းချုပ်ဆေး၊ လေနှင်ဆေး စသည်ဖြင့် မန္တလေးက နာမည်ကျော်မြန်မာဆေးတွေ ဝယ်ယူပြီး ၅ရက်နေ့ မနက်မှာ မေမေ့လက်ထဲ အစိတ်တန် ၄ရွက်သာကျန်ပါတော့တယ်..။

အဲဒီနေ့မနက် ၈နာရီသတင်းကို ကြားလိုက်ရတဲ့ မေမေ့သူငယ်ချင်းဟာ ပြေးလာပြီး ပိုက်ဆံအိတ်ဖွင့်စစ် ဘို့လာပြောပါတယ်..။ဘာဖြစ်တာလဲ–မေမေကမေးပါတယ်…။ ၇၅ကျပ်တန်၊ ၅၀တန်၊ ၂၅ကျပ်တန် တွေ တရားမဝင်ကြောင်းကြေငြာလိုက်လို့တဲ့..။ရန်ကုန်ပြန်ဘို့ မေမေ လက်မှာ ၂၅ကျပ်တန် ၄ရွက်နဲ့ ၁၀တန်၊ ၅ကျပ်တန်တွေကျန်နေပါတယ်..။

အဲဒီအချိန်မှာ လက်မှတ် မှာထားတဲ့သူ က အထက်တန်းလက်မှတ်မရကြောင်း ရိုးရိုးတန်းပဲရ ကြောင်းပြောပြပြီး ပိုနေတဲ့ပြန်အမ်းငွေ က၁၀-ကျပ်တန်တွေချည်းသာဖြစ်နေခဲ့ပါတယ်..။

တကယ်ဆို လခစားမေမေ ဟာ လခကို တထိုင်ထဲ မသုံးခဲ့ပါဘူး တစ်လစာ-စီမံရမှာမဟုတ်လား။ ဝက်သားတစ်ပိဿာ ၂၈ကျပ်။ဆန်တစ်ပြည် ၁၀ကျပ်၊ ဆီတစ်ပုလင်း ၁၅ကျပ်၊ ဘီစကစ်တစ်ထုပ် ၆ကျပ် ၊ ကြက်ဥတစ်လုံး ၇၅ပြား ဆိုတဲ့ခေတ်မှာ…မေမေ့ အသုံးစရိတ်ဟာ လစဉ် ၁၂၅ ကျပ်လောက်သာ ရှိတာပဲ..။ဖိုးဖိုးဖွားဖွားတို့ကို လစဉ် ၁၀၀ ပြန်ကန်တော့နိုင်တာပဲ..။

အခုတော့တစ်ထိုင်ထဲသုံးထားလိုက်မေမေရေ…လို့ ဗိုက်ထဲက သားကသတိပေးနေတာများလား သားကြီးရေ..။ရန်ကုန်ရောက်တော့လည်း ကျန်တဲ့ ၂၅ကျပ်တန်လေးရွက်ကို လာဝယ်တဲ့လူရှိလို့ပြန်ရောင်း လိုက်တာ..မေမေ့လစာ အဟောသိကံ ဖြစ်ခဲ့တာ ၄၅၀မှာ ၄၀ကျပ်လောက်သာဖြစ်ခဲ့ပါတယ်..။

၁၃ရက်နေ့မှာ သားကို မွေးတော့ နေ့သူနာပြု က ၃၀ကျပ်၊ ညသူနာပြု က ၃၅ကျပ် မေမေ့ စုဆောင်းငွေတွေနဲ့ အဆင်ပြေခဲ့တယ်..။ ဆေးရုံကဆင်းပြီး မီးထွက်တဲ့ နေ့မှာတော့မေမေ့ ပုသိမ်ကြီးကျောင်းကသူငယ်ချင်းဟာ မေမေ့ကို စောင့်မျှော်လို့ နေပါတော့တယ်..။လက်ထဲမှာ ၁၅ကျပ်တန် အသစ်စက်စက် အရွက် ၃၀-ပါဝင်တဲ့ မေမေ့ရဲ့ စက်တင်ဘာလ ဒုတိယမြောက်လစာ ပေါ့သားရေ..။

လဆန်းရက်ဖြစ်လို့ ခက်ခဲကြသောဝန်ထမ်းများအတွက် ထပ်ထုတ်ပေးတာပါတဲ့..။မေမေဝန်ထမ်းလုပ်ခဲ့တာ ၁၈နှစ်…လစာ၂လစာရတာအဲဒီတစ်ခါပါပဲ..။ သား လောကထဲရောက်ရှိလာတဲ့ အဲဒီ ၁၉၈၇-စက်တင်ဘာလ လေး ကို မေမေ ချစ်သေား သားကြီးဘဝထဲကို ဝင်ရောက်လာခြင်းအဖြစ် အမှတ်တရ ဖြစ်နေတာ မဆန်းပါဘူးနော်..။မေမေ ကတော့ သားကိုပွေ့ပိုက်ရင်း ပြုံးလို့သာ နေပါတော့တယ်..။

ချစ်သောမေမေ

သစ္စာအလင်း

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s