သင်္ကြန် စကားဝိုင်း

သင်္ကြန်စကားဝိုင်း

မြန်မာရိုးရာ သင်္ကြန်ကို ရူထောင့်ပေါင်းဆုံက ချည်းကပ်ကြဖို့ ကျွန်တော်တို့ စိတ္တဗလဗုဒ္ဓဘာသာ လူငယ်အဖွဲ့ က စကားဝိုင်းလေးတစ်ခု လုပ်ပြီး ဆွေးနွေးခဲ့တာကို ပြန်တင်ပြလိုက်ပါတယ်။

ပါဝင်ဆွေးနွေးကြသူများမှာ

ဆရာဘိုဘိုလွင်၊ဆရာသုမောင်စိုး၊ဆရာအောင်မျိုးဝင်း၊သိန်းစိုး၊အောင်အောင်၊ညိုမီ၊မိလေးနွယ်၊ပပဖြိုး၊ စုမြတ်ရတနာ၊ဥဂ္ဂါ

ဘို – သင်္ကြန်ဆိုတာ သက္ကတဘာသာစကားကလာတာလို့ ပြောလို့ရတယ် သင်္ကြန္တဆိုတဲ့ စကားလုံးကဆင်းသက်လာတာပဲ အဓိပ္ပါယ်ကတော့ ပြောင်းရွှေ့ခြင်း ပြောင်းလဲခြင်း ကူးပြာင်းခြင်းလို့ ကြားဖူးတာပဲ

ဥ – ဟုတ်တယ် သင်္ကြန် အယူအဆ ဆိုတာလဲ အိန္ဒိယဘယ်က လာတယ်လို့ထင်တယ်

ညို – အင်း ဟုတ်တယ်နော်

သု – အင်း သင်္ကြန်က မြန်မာပြည်ကို ဘယ်အချိန်တည်းက စရှိတာလဲပြောပြပါအုံး

ဥ – ပုဂံစောလှဝန်း ဘုရားမှာ မီးဖုန် သင်္ကြန် ညောင်ရယ်သွန် ဆိုပြီးရေးတာတွေဘူးတယ် ဒါကြောင့် သင်္ကြန်ဓလေ့ရောက်တာ ပုဂံခေတ်ထက်နောက်မကျဘူးလို့ပြောလိုရတယ်

အောင် – ဟုတ်တယ် နရသီဟပတေ့ လက်ထက်က မိဖုရားစောလုံ ကို သင်္ကြန်မှာ စနောက်ရင်း စောလုံက ဘုရင်ကို တင်းသွားတာပါတယ်လေ

ပ – နောက် စဉ်းစားစရာတစ်ချက်ရှိသေးတယ် သင်္ကြန်ကို ထိုင်းတို့ ကမ္ဘောဒီးယားတို့ မှာလည်း လုပ်ကြတယ် သူတို့ ကရော ဘာကြောင့် လုပ်တာလဲ

သိန်း – အင်း ဘာလို့ လုပ်တာလဲ ဆိုတော့ ငါ လည်းမသိဘူး ဟီ ဟီ

အားလုံး – ရယ်သံများ

ဘို – အဲဒါ စဉ်းစာရမယ် ရာသီဥတုအရပြောရင် သင်္ကြန်လုပ်တဲ့ အချိန်က ပူတယ်လေနွေရာသီကိုး တခြား ထိုင်းတို့ဘာတို့လည်း တို့နဲ့ ရာသီဥတုက သိပ်မကွာတော့ ပူလို့ အေးစေချင်တဲ့ သဘောနဲ့ လုပ်တာလို့ ပြောလိုရတယ် အီကွေတာနဲ့ နီးတဲ့ အာရှနိုင်ငံတွေမှာ သင်္ကြန်ပုံစံမျိုးနဲ့ ရေပက်လောက်တာတွေ ရှိတယ်။

မျိုး – သင်္ကြန်မှာ စီပွားရေးလုပ်ငန်းတွေ အတော်ဖြစ်ထွန်းတယ်နော် မဏ္ဍပ်တွေလုပ်၊ သီချင်းခွေတွေထုတ်၊အရက်တွေရောင်း ဒါအကြီးစားတွေပေါ့ နောက် ပျံကျဆိုင်တွေ ပုလင်းကောက်တဲ့ ကလေးတွေ ပျံကျဈေးသည်တွေ အလုပ်ဖြစ်ကြတယ်

ဘို – အင်း ဒါ လည်း လုပ်ကွင်းလုပ်ကွက်ကိုးလုပ်ကြတာပေါ့

အောင် – ဆိုင်လားမဆိုင်လားတော့ မသိဘူး သင်္ကြန်ဆို တည်းခိုခန်းတွေ ဟိုတယ်တွေက အပြည့်ပဲ

အားလုံး – ရယ်သံများ

မျိုး – မရယ်ကြနဲ့ ဒါဆွေးနွေးရမယ် သင်္ကြန်နဲ့ လိင်ကိစ္စက အခုအခါမှာ ပူးတွဲပြီး ပါလာတယ်။ ငါတို့ တစ်ခါက ရေပက်ခံထွက်တုန်းက တစ်ကားလုံး သူငယ်ချင်းတွေချည်းပဲ ပြောချင်တာ သမီးရည်းစားတစ်ယောက်မှမပါဘူး ရေပက်တော့ အကိုက သူငယ်ချင်း မိန်းကလေးတစ်ယောက်ကို ကာပေးထားတယ် ဒီအချိန်မှာ လူတစ်ယောက်က အကိုလက်ထဲ တခုတည့်ပေးလိုက်တယ် ဒါက ကွန်ဒုံး ဒါကို ကားပေါ်က သူငယ်ချင်းတွေ သိသွားတော့ ရန်ဖြစ်မလိုတောင်ဖြစ်တယ် ပြောချင်တာက သင်္ကြန်ဆိုတာ လိင်ကိစ္စပွဲတော်ကြီးလို ဖြစ်နေလား ဆိုတာပဲ ယဉ်ကျေးမှုရိုးရာသင်္ကြန်က ဒီလိုဖြစ်နေတာ ကောင်းလား

ပ – ဟုတ်တယ် NGO တွေကလည်း ဒီကိစ္စကို သတိထားသင့်တယ် သူတို့က ကွန်ဒုံးကန်ပိန်းတွေကို ဒီမန်း ရိုတဲ့ အချိန်လုပ်ကြတော့ အခုလိုဖြစ်ရတာ

ဥ – ဟုတ်တယ် မနှစ်က ကိုညီလင်းဆက် ရဲ့ ဘလော့မှာ ရေကန်မှာ ယောကျာင်္မိန်းမ ဖြစ်ကြတာတွေကို ရေးထားတာ ဖတ်ဖူးတယ်။ နောက် လိင်စိတ်ကြွဆေးတွေ သုံးလို့ ဖြစ်ရတာတွေလည်းရှိတယ် သင်္ကြန်ဆိုရင် လူကြီးမိဘတွေက အထိန်းအကွပ်မရှိ ခွင့်ပေးထားတာတွေကြောင့်လည်းပါတယ်

မိ – အင်း သင်္ကြန်ဟာ လုပ်ချင်တာ လုပ်လိုရတဲ့ ပွဲတော်ကြီးဖြစ်မနေဘူးလား

ပ – ဒီလိုလည်း မဟုတ်သေးဘူး သင်္ကြန်မှာ ချစ်စရာကောင်းတဲ့ ဓလေ့လေးတွေလည်းရှိသေးပါတယ် ဥပမာ သင်္ကြန်ဆိုရင် မော်လမြိုင်မှာ သင်္ကြန်ထမင်းဆိုတာရှိတယ်လေ အပူသက်သာ ၀မ်းငြိမ်းအောင် လုပ်တဲ့ ရိုးရာအစားစာလေ သင်္ကြန်အမည်စွဲပြီး သင်္ကြန်ထမင်းလိုတောင်ပေးထားတာ နောက် ဘေးမဲ့ပွဲတွေ သက်ကြီးပူဇော်ပွဲတွေ အများကြီးသင်္ကြန်မှာလုပ်တာလေ

ဥ – ဟုတ်တယ် မန္တလေးမှာဆို ရေ ကန်တော့တယ်ဆိုတာ ရှိတယ် သီတင်းကျွတ်ကန်တော့သလိုပဲ

စု – နောက် အချို့က တရားစခန်းတွေ ၀င်ကြတယ် သင်္ကြန်ဆို တရားစခန်းတိုင်းအပြည့်ပဲ

သု – တရားစခန်း လူပြည့်တာနဲ့ တည်းခိုခန်း လူပြည်တာ ဘယ်ဟာ ပိုများသလဲ

အားလုံး – ရယ်သံများ

သိန်း – ခုနက လိင်ကိစ္စတွေ က အရက်ကြောင့်ထင်တယ် သင်္ကြန်တွင်း အရက်သောက်တာ အပြစ်မရှိသလို ဖြစ်နေပြီ အရက်သောက်တာထက် နောက်ဆက်တွဲတွေက ကြောက်ဖို့ကောင်းတယ် ရန်ဖြစ် ကားတိုက် ဘ၀ပျက် ခက်တာက မိန်းကလေးတွေကပါ အရက်လိုက်သောက်လာကြတာပဲ ဒီတော့မဖြစ်သင့် တာတွေ ဖြစ်ကော

ပ – ကဲ ဒီအညှိအဟောက် တောထဲက ထွက်တော့မယ် တခြားပြောရအောင်

ညို – သိန်းစိုး သဘာဝပတ်ဝန်းကျင် ရူထောင့်ကပြောပါအုန်း

သိန်း – သင်္ကြန် မဏ္ဍပ် ဆောက်တဲ့ သစ်တွေကို စုလိုက်ရင် ချောင်းကူးတံတား၁၀၀လောက်ဆောက်လို့ရတယ်။ နောက် ကမ္ဘာမှာရေချိုရှားပါးနေချိန်မှာ တို့တွေက ဖောဖောသီသီသုံးပြနေတာ ဂုဏ်ယူဖို့ မကောင်းဘူးလား

အားလုံး – ရယ်သံများ

ဘို – ဟုတ်တယ် သင်္ကြန်မှာ ရေတွေ အလဟသတ်သုံးနေတာ မကောင်းဘူးထင်တယ် ပူလို့ အေးစေလိုတဲ့ ဆန္ဒကြောင့် ရေပက်တာထက် နာကျင်စေလိုတဲ့ ဆန္ဒနဲ့ မီးသတ်ပိုက်တွေ ဂမ်းတွေနဲ့ ရေပက်နေတာတော့ မကောင်းဘူး ပျော်ရွှင်တာထက် သူတပါးကိုစော်ကားချင်တဲ့ စိတ်ကို ပိုရှေးရှုနေတယ်ထင်တယ်။

အောင် – ဟုတ်တယ် ကျွန်တော်သူငယ်ချင်း တစ်ယောက်ဆို ဂမ်းထိသွားတာ ငရမန်ကန်း ဖြစ်သွားတယ် ။

ပ – ရေတွေ အလဟသ သုံးတယ်လို့တော့ပြောလို့မရဘူး GNH (Gross National Happiness) အယူအဆနဲ့ ကြည်ရင် ပျော်ရွှင်မှု ရတယ်ဆိုရင် တန်ပါတယ် အခုဟာ ပျော်သလို မပျော်သလိုနဲ့ နောက် ပျော်စရာ မကောင်း ပဲ ၀မ်းနည်းစရာတွေ ဖြစ်လာတာ မကောင်းဘူး ။

ဥ – လိုလည်း မဟုတ်သေးဘူး အခုအတော်အများက ပျော်ချင်ယောင်ဆောင်နေကြတာပဲ လူအများက ပျော်တဲ့ ပုံစံတွေ တွေ့နေရပေမဲ့ သူတို့ တွေ တကယ့် နှလုံးသားကလာတဲ့ အပျော်မျိုးတော့ မဟုတ်လောက်ဘူး။ အဲဒီသင်္ကြန်သီချင်းတွေကလည်း ဘယ်လောက်ထွက်ထွက် မြို့မငြိမ်းကို မမှီသေးဘူး အတော်များများ ပြန်ဆိုတေးတွေချည်းပဲ လူတွေကလည်းဝယ်ကြတယ် သားစိုးဆို သင်္ကြန်မှာ ပေါက်သွားက အခွေကို ပြောတာ ဘာဘာညာညာမသိဘူး မြူးရင်ပြီးရော သင်္ကြန်မှာ ကုန်တဲ့ ပိုက်ဆံတွေကို လူမှုဖွံဖြိုးရေးတွေမှာ လှူရင် ဘယ်လောက်ကောင်းမလဲ ။

အောင်အောင် – သင်္ကြန်မှာတို့တွေ ရေပက်တာကောင်းပါတယ် ရေရှားတဲ့ဒေသတွေကြကော ဘယ်လို လုပ်မလဲ သူတို့လည်း ပျော်အောင်တစ်မျိုးလုပ်ကြတာပဲ မုန်လုံးရေပေါ်တို့ အဘိုးကြီးတွေကို ခေါင်းလျှော်လက်သည်းညှပ် ပေးတာတို့နဲ့ ပျော်ကြတာပဲလေ သူတို့ဆီမှာ မဏ္ဍပ်ဝင်ကြေးမရှိဘူး ကျေးလက်သင်္ကြန် တကယ့် အလှကွ။ သင်္ကြန်ရေပက်တဲ့ ပုံတွေလူတွေကို ရေရှားတဲ့ အာဖရိက က လူတွေကို သွားပြရင် ထိုင်ငိုမှာ အမှန်ပဲကွ။

ဘို – သင်္ကြန် ဟာဘာသာရေး ပွဲတော်မဟုတ်ဘူးနော် ဥဂ္ဂါ ပြောပါအုံး ။

ဥ – အင်း သင်္ကြန်က တကယ်ရိုးရာပွဲ စစ်စစ်ပါ ဘာသာရေးနဲ့ လုံးလုံးမဆိုင်ဘူး ဒါပေမဲ့ ဘာသာရေးအခြေပြုတဲ့ ဓလေ့တွေတော့ ရှိတာပေါ့ ဘေးမဲ့ပေးတာတို့ လူကြီးမိဘ ကန်တော့တာတို့ တရားစခန်းဝင်တာတို့လေ ။ဒါတွေက သင်္ကြန်ဆိုတာကို မှီပြီးဖြစ်သွားတယ်။

ပ – ဒါပေမယ့် အချို့ဘာသာဝင်တွေက သင်္ကြန်ပွဲဝင်နွဲတာ အပြစ်တစ်ခုလိုထင်ကြတယ်နော် ။

ညို – မဟုတ်ဘူး အချို့ဘာသာတွေက ရေ ကို ချွေတာတဲ့ အမြင်ရှိတယ် ဒါကြောင့်ရေ သိပ်သုံးတဲ့ သင်္ကြန်ကို ၀င်မနွဲကြတာ ဒါတောင် အကုန်မဟုတ်ပါဘူး အချို့လည်း ၀င်နွဲကြတာပဲလေ။

ဘို – အရင်က ခရစ်ယာန်ဟောပြောပွဲမှာ သင်းအုပ်ဆရာက သင်္ကြန်ဟာ နိုင်ငံရဲ့ ပွဲတော်ပါ ဘာသာရေးပွဲမဟုတ်ဘူးလို့ ဆော်သြတာတွေဘူးတယ် ။ ၀င်ပါတာ မပါတာ တကယ်တော့ သိပ်အရေးမ ကြီးပါဘူး။

ညို – သင်္ကြန်က အမှတ်တံဆိပ် တွေရှိတယ်နော် ပိတောက် သပြေခက် ငွေငန်း ၊ တန်ခူး စတာတွေလေ ဒါတွေ အခုနောက်ပိုင်း သိပ်မရှိတော့ဘူး ။

ဥ – နောက် ကျန်သေးတယ် ဂျစ်ကား ဇော်ဝမ်း သူတို့လည်းမရှိတော့ဘူး အရင် က သင်္ကြန်ရောက်မှ ဇော်ဝမ်း နဲ့ ဂျစ်ကားကိုတွေရတာတဲ့ အခုတော့ ဂျစ်ကားလည်း အချိန်းတိုင်းတွေ့ ဇော်ဝမ်းလည်း သေပြီလေ။

ဘို- တောင်စဉ်ရေမရ စကားတွေ ရပ်တော့ ဒီနှစ်သင်္ကြန် ဘာတွေ လုပ်ကြမလဲ ငါကတော့ မိဘအိမ် ပြန်ပြီး အနားယူမယ် မင်းတို့တွေကော…..

သိန်း – ကျွန်တော်ကတော့ သူငယ်ချင်းတွေနဲ့ အတူ သင်္ကြန်ကို ဖြတ်သန်းမယ်

ညို – ကျွန်မကတော့ လျှောက်လည်ဖြစ်မယ်ထင်တယ်

ပ – အိမ်မှာပဲ မပြီးသေးတဲ့ လုပ်လက်စတွေ ဖြတ်မယ်

စု – သမီးက ပိုင်းလော့ဆရာတော်ကျောင်းမှာ တရားစခန်းဝင်ဖြစ်မယ်

သု – ကျွန်တော်ကတော့ ဇာတိမြေ ပြန်မယ်

မျိုး – ငါကတော့ သူငယ်ချင်းတွေ မဏ္ဍပ်မှာ ကဲမယ်ဟေ့ ဟဲ ဟဲ

မိ – မိလေးကတော့ မွန်ကို ပြန်မယ်

အောင် – ဘုန်းကြီးဝတ်မယ်

ဥ – သူငယ်ချင်းတွေနဲ့ နေမယ် စာဖတ်မယ် စာရေးမယ်

စကားဝိုင်းလေးပြီးပါပြီ ခင်ဗျားတို့ ကော သင်္ကြန်တွင်း ဘာလုပ်ကြမလဲ ပြောပါအုန်းနော်………….

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s