ကျွန်တော်ကြိုက်တဲ့ သူတို့ ၀တ္ထူများ

ကျွန်တော်က ၀တ္တူတိုနဲ့ ၀တ္တူရှည်ဆိုရင် ကျွန်တော်က အတိုကို ပိုကြိုက်တယ် အရမ်းကြိုက်တဲ့ ဝတ္တုတို ဆိုရင် သူငယ်ချင်းတွေကို ပြောပြပြီး စမြုံပြန်ရတာ အရသာအတော်ရှိသဗျ အခုလည်း ဆရာမောင်လွင်မွန်(ကသာ)ရဲ့ လည်တော့လည်ပါရဲ့ ဒါပေမယ့် သံပတ်နဲ့ လှည့်တဲ့ပန်ကာ ဆိုတဲ့ ၀တ္တူတိုလေးကို ပြန်လည်ဖောက်သည် ချလိုက် ပါတယ်။
လည်တော့လည်ပါရဲ့ ဒါပေမယ့် သံပတ်နဲ့ လှည့်တဲ့ပန်ကာ
ကျွန်တော်ငယ်ငယ်က ပုံပြင်အလွန်ကြိုက်သည်။ အဘွားက လည်း ပုံပြောကောင်းလှသူ။ တချို့ဟာတွေက တော ပုံ့ပြင်တွေမဟုတ်ဘဲ ဘွားဘွားက သူကြုံတွေမြင်ဖူး သမျှထဲက ပြန်ဖောက်သည်ချတာ ဖြစ်သည်။ ဒါပေမယ့် ဒီထဲကက ပုံပြင်လို နားထောင်ကောင်းတာမျိုးကျ ကျွန်တော်က ပုံပြင်အဖြစ်စွဲနေသည်။ ဒီလိုမျိုးထဲက တစ်ခုက သံပတ်နဲ့လှည့်တဲ့ပန်ကာ……….။
တကယ်တော့ ဒီဇာတ်လမ်းက ဘွားဘွားသူငယ်ချင်း ဒေါ်နန်းလုံးပိုင်ရဲ့ ဇာတ် ဖြစ်သည်။
“နန်းလုံးပိုင်က ဘွားဘွားနဲ့ ငယ်ငယ်ကတည်းက ကျောင်းနေဖက်၊သူ့အဖေအမေက မင်းဆွေမင်းမျိုးတွေလို့ သူကပြောတာပဲ ဒါကြောင့် သူ့အဖေ က နန်းလုံးပိုင်လို့ နာမည်ပေးခဲ့တာတဲ့”
“မင်းဆွေမင်းမျိုးဆိုတာ ဘာလဲဘွားဘွား”
ကျွန်တော်က ငယ်သေးတော့ မသိနာမလည်လွန်စွာမေးမိတော့ မလှမ်းမကမ်းမှာ နီုးဖြာနေသော ဘိုးဘိုးက “မင်းဆွေမင်းဆိုတာ ငါဆွေငါမျိုးမဟုတ်တဲ့ မင်းဆွေမင်းမျိုးပေါ့ကွ” ဟု တွင်နောက်သည်။ ဘွားဘွား က – “တော်ဟာလေ” ဟု မျက်စောင်းတစ်ချက် ထိုးပြီး “ ဘုရင့်အမျိုးအဆွေတွေပေါ့ဟဲ့၊နန်းလုံးပိုင်က သူ့အဆက် အနွယ်ကိုရော၊ သူ့ နာမည်ကိုပါ သိပ်ဂုဏ်ယူတာ။ငါ့တို့ကလည်း အဲဒါကို သိပ်အမြင်ကပ်ကြတာ၊ အဲဒါနဲ့ ပဲ သူ့ကို ဘယ်သူကစပြီး နာမည်ပြောင်းပေးလိုက်တယ်မသိပါဘူး။ သူကွယ်ရာမှာဆို သူ့ကို နန်းလုံးပိုင် မခေါ်တော့ဘဲ နှမ်းလုံးကြိုင်လို့ ပဲခေါ်တော့တာ”
“နှမ်းလုံးကြိုင်ဆိုတာက ဘာလဲ ဘွားဘွား”
ကျွန်တော်ကမေးမိပြန်တော့ ဘွားဘွား မဖြေခင် ဘိုးဘိုးက –
“နန်းလုံးကြိုင်ဆိုတာ ဆေးမြစ်ကွ၊ ဟိုဟာဖြစ်ရင် လိမ်းတဲ့ဟာ့ပေါ့”
“ရော်…………ဒီအဘိုးကြီးဟာ”
“နှာစေးရင် လိမ်းအိပ်ရတာလေ၊ မင်းကလဲ” ဟု ဘိုးဘိုးက ပြုံးစစနဲ့ဆိုသည်။
ဘွားဘွားက မျက်စောင်းထပ်ထိုးလိုက်ပြီး
“ဒါပေမယ် သူ့နာမည်ပြောင်ကို သူသိသွားပြီး တို့ကလည်း သိပ်ဂရုမစိုက်တော့ဘဲ အဲဒီနာမည်ပြောင်ကိုပဲ ခေါ်ဖြစ်တော့တာ။ အဲဒါ နောက်သူ အိမ်ထောင်ကျတဲ့ အထိ အဲဒီ နာမည်ပဲ တွင်နေတော့တာပဲ။
“အိမ်ထောင်ကျတယ်ဆိုတာက”
ကျွန်တော်အမေးမဆုံးခင် ဘွားဘွားက စိတ်မရှည်စွာ
“လင်ယူတာကို ပြောတာပေါ့ဟဲ့။ သူက လင်တော့အများသား ခပ်ငယ်ငယ်နဲ့ ယောကျာင်္းယူပြီး တစ်မြို့တစ်ရွာပြောင်းသွားတာ၊ ပြန်လာတော့ နောက်တစ်ယောက်နဲ့။ ဟော အဲဒီတစ်ယောက်သေမှ သူနောက် ဆုံးပေါင်းသွားခဲ့တဲ့ ဘိုထိုင်းနဲ့ ညားတာပဲ”
“သူ့ယောကျာင်္းနာမည်က ဘိုထိုင်းတဲ့ လားဘွားဘွား”
“အေး၊ သူ့နာမည်အရင်းက တော့ မမှတ်မိတော့ဘူး။ လူက တောဘက်က တတ်လာတာ၊ ပြီးတော့ ခပ်ထိုင်းထိုင်းမို့ ဘုတ်ထိုင်းလို့ နာမည်ပေးထားတာတဲ့။ သူကလည်း သူ့ကို ဘုတ်ထိုင်း လို့ ခေါ်ရင် မကြိုက်ချင်ဘူး။ လူက လေးတန်းတော့အောင်ထင်ပါရဲ့၊ပြိးတော့ ဒီလူစိတ်က အခုတစ်မျိုး တော်ကြာတစ်မျိုး၊ ခုကျေနှပ်ပေမယ့် တော်ကြာ စိတ်ဆိုးချင်ဆိုးတာ။ တစ်နေ့ သူကိုခေးနေကြအတိုင်း ဘုတ်ထိုင်းလို့ ခေါ်လိုက်တာ သတ်မယ်ဖြတ်မယ် စိတ်ဆိုးလို့ တောင်ပန်ပြီး ဘုတ်ထိုင်းမဟုတ်ပါဘူး ဘိုထိုင်းလို့ခေါ်တာပါ ဘိုအတိုင်း အသားဖြူတယ်ဆိုတဲ့ သဘောနဲ့ခေါ်တာကနေ ဘိုထိုင်းဖြစ်သွားတာပါလို့ ကြွဖန်ပြောကြရသတဲ့။ အဲဒါကို တကယ်မဟုတ်မှန်းသိ သူလည်း သိမှာပါ။ ဒါပေမယ့် သူ့ကြောက်လို့ မဟုတ်တရုတ် လျှောက်ပြောတာကို ပဲကို ငါ့ကြောက်ကြသားပဲလို့ သူကသဘောအတော်ကျတာလားမသိပါဘူး။ သူ့ကို ဘိုထိုင်း ခေါ်ရင်ထူးမယ်လို့ ဆိုသတဲ့”
“မောင်မောင်ခေါ်လို့ ဗျာမထူး ဘိုထိုင်းခေါ်မှ ထူးမယ်ပေါ့ကွာ”
ဘိုးဘိုးက ၀င်နောက်တော့ ဘွားဘွားက မျက်စောင်းထိုးပြန်ပါတယ်။
“ဒါနဲ့ သူနာမည်“ဘိုထိုင်း” တွင်သွားတာပေါ့။ သူက နာမည်ကိုရေးရင် ဘကုန်းနဲ့ရေးရမယ်တဲ့၊ သူက မျက်နှာဖြူ ဘိုနဲ့တူချင်တာ ကိုး။ ဒါပေမယ့် ထူးဆန်းတာ တစ်ခုရှိတသတဲ့၊ အဲဒီလို ဘိုထိုင်းလို့ ခေါ်ပြီး နောက်နှစ်သိပ်မကြာ ခင် အဲဒီလူကြီး နားထိုင်းသွားလို့ ခေါ်မကြား အော်မကြားတောင် တစ်ခါတစ်ခါဖြစ်သတဲ့။ ပညတ်သွားရာ ဓာတ်သက်ပါဆိုတဲ့ သဘောလား။ မသိပါဘူး။”
“ငါမြေး။ ဓာတ်သက်ပြိးပါတာ ဆိုသဟာကို မင်းသိတယ်မဟုတ်လား”
“တော်နော်၊ မပြောချင်လို့ ကြည့်နေတယ်၊ ကျုပ်တွေရာနဲ့ ကောက်ပေါက်မှာနော်”
ဘွားဘွား နောက်ဆုံး ရာဇသံပေးလိုက်ပြီး ဇာတ်လမ်းကို ဆက်ပါသည်။
“ဒါပေမယ့် သူ့နားက အဆန်း၊ သူကြားချင်တဲ့အခါ လေသံနဲ့ ပြောတာတောင် ကြားပြီး မကြားချင်တဲ့ အခါဆို လက်တို့ ပြီးပြောတာတောင် ကြားချင်မှကြားတာ တစ်လုံးမှ ပြန်မပြောဘူးတဲ့။ ဒါက နောက်မှဖြစ်တာ ပါလေ၊ နောက် သူတို့ယူပြီးကြလို့ လေးငါးခြောက်နှစ်ကြာတော့ ဘိုထိုင်းက သူ့မြို့ပေါ်ကနေ ဇာတိရွာကို ပြောင်းချင်တယ်ဆိုသတဲ့။ နှမ်းလုံးကြိုင်ကတော့ မပြောင်းချင်ဘူး။ဒါပေမယ့် ဘိုထိုင်းက မြို့ပေါ်မှာဆို မြေဈေးက ကြီးတော့ မြေ၀ယ်ပြီးရင် တိုက်ဆောက်စရာ ငွေမကျန်နိုင်ဘူး။သူ့ရွာမှာက သူ့ပိုင်မြေမှာ တိုက်ဆောက်ပြီး နေနိုင်တယ်။ ပြီးတော့ မြို့မှာက တံခါးပိတ် အိပ်တောင် မလုံခြုံမေမယ့် သူ့ရွာမှာက တံခါးမရှိတဲ့ အိမ်တောင် ဘာမှ စိတ်ပူစရာမရျိတာကိုပဲ အမြဲပြောနေတော့ နောက်ဆုံး နှမ်းလုံးကြိုင်ပါ စိတ်ပါသွားထင်ပါရဲ့။သူ့တို့ရွာကို ပြောင်းဖြစ်သွားတယ်”
ဘွားဘွားက ရေနွေးကြမ်းကို တစ်ကျိုက်သောက်ပြီးမှ——
“နှမ်းလုံးကြိုင်က မြို့က မပြောင်းချင်တဲ့ အဓိကအချက်ထဲမှာ ကလေးတွေကို ကွမ်ဘင့်ကျောင်းတွေဘာတွေ ထားထားတော့ တောက လာလာတတ်ဖို့ မလွယ်တာ လည်းပါတယ်။ ဒါပေမယ့် ဘိုထိုင်းမဝေးပါဘူး။ လာတတ် လို့ပါတယ်ပြောသတဲ့။ ကလေးတွေခမျာ လှည်းတတန် လှေတတန်နဲ့ မြို့ကို လာကြရတာ၊ အဲဒါ တချို့ကပြောတော့ ဘိုထိုင်းက နန်းလုံးကြိုင်ပါလာတဲ့ ကလေးတွေကို သူ့သွေး သူ့သား မဟုတ်လို့ နှိပ်စက်တာလို့ ပြောသေးတယ်၊ အဲဒါကလည်း မဟုတ်ပါဘူး။ သူ့တို့ပြောင်းတော့ ဘိုထိုင်းဆိုတဲ့ လူက သူလုပ်ချင်တာလုပ်ဖို့ဆိုရင် သူ့သွေးသားလည်း ဂရုစိုက်မှာ မဟုတ်ဘူး ငါမြေးရဲ့။ သူက ရွာသွားနေချင်တယ် ဆိုရင် အဲဒါကို ဖြစ်အောင်လုပ်တာပဲ။ ပြီးတော့ မြို့က ပန်းရံတွေ လက်သမားတေါခေါ်သွားပြီး သူ့ရွာမှာ ရွာဦးကျောင်းထက်ပိုမြင့်တဲ့ တိုက်ကြီးတစ်လုံးဆောက်ပြီးနေသတဲ့။ ဒါပေမယ့် နောက်တစ်နှစ်လောက် အတွင်းမှာ ဘိုထိုင်းဘာကြောင့် ရွာကိုပြောင်းချင်တယ်ဆိုတာ အဖြေပေါ်လာတော့တယ်။ရွာက သူကြီးရွှေးပွဲမှာ ဘိုထိုင်း ဝင်ပါပြီး သူမဖြစ်ဖြစ်အောင် ကြံထားတဲ့ အတိုင်း သူ့ဇာတိ ရွှေပြည်ဒေါ်ရွာကလေး ရဲ့ သူကြီးဖြစ်လာတော့ပါပဲကွယ်”
“ဒီတော့ နှမ်းလုံးကြိုင် ဆိုတဲ့ ကောင်မလည်း သူကြီးကတော်ဖြစ်လာတော့ သဘောတွေကျလို့ပေါ၊ သူရွာမှာ သူ့ကို ဘယ်သူက မှ နှမ်းလုံးကြိုင်လို့ မခေါ်ရဲဘူး လေ။ သူ သူကြီးဖြစ်လာတော့ ဘိုထိုင်းက လည်း အာဏာပါဝါတွေပြ၊စိတ်ကြီးဝင်လိုက်ပုံများ၊ အဲဒိခေတ်က ပန်ကာတို့ဘာတို့ ရှိသေးတာ မဟုတ်ဘူး။ အရေးပိုင်မင်းတောင် ယပ်ဆွဲနဲ့ နေရတဲ့ခေတ်”
“ယပ်ဆွဲဆိုတာ ဘာလဲ ဘွားဘွား”
ကျွန်တော်က အဘွားစကားကို နားမလည်လို့ မေးမိပြန်တော့ ဘွားဘွားက……………
“ယပ်ဆွဲဆိုတာက အရေးပိုင်မင်းရဲ့ ရုံးခန်းမျက်နှာကျက်မှာ ယပ်တောင်အပြာကြီးတပ်ထားတာကို ကြိုးနဲ့ ဆွဲပြီးခပ်ရတဲ့ သူပေါ့ ငါ့မြေရဲ့” လို့ ရှင်းပြပြီးမှ စကားဆက်ပါတယ်။
“အဲဒါကိုတစ်နေ့ မြို့ပေးလာရင်း ဓာတ်ရှင်ဝင်ကြည့်တော့ အယ်ဒီပိုလိုဇာတ်ကားထဲမှာ ပန်ကာနဲ့ အအေးခံတဲ့ဟာ ဘိုထိုင်းမြင်သွားတာကိုး။ အဲဒါကို သူလည်း လုပ်မယ်ဆိုပြီး သစ်သားပါးပါးနဲ့ ပန်ကာလိုမျိုး လက်သမားကို လုပ်ခိုင်းပြီး သူ့အိမ်မှာ တပ်တယ်”
“မင်းဟာ မဟုတ်တရုတ် ပြောပြီး သူ့ရွာမှာ မီးဓာတ်ကြိုးမှဆင်မရတဲ့ဟာကို”
“အမယ် ဓာတ်အားမရှိပေမယ့် ဘိုထိုင်းက ရှင်ထက်ဥာဏ်ကောင်းတယ်။ ပထမတော့ သူ့ဟာကြီးကို သားရေ ကြက်ပေါင်ကြိုးတွေနဲ့ ဆိုင်းထားပြီး တပည့်တစ်ယောက်က ၀ါးလုံးနဲ့ လှမ်းပြီးလှည့်ပေးရတာ။ သားရေကြိုးက တစ်ဘက်ကိုလိမ်ပြီး ပြောင်းပြန်လည်ပြန်ရော၊ အဲဒါနဲ့ ဟိုဘက်လည် ဒီဘက်လည်နဲ့ နောက်ဆုံး အရိုန်သေသွား တော့မှ ဝါးလုံးနဲ့ ပြန်လှည်ပြန်ရော”
“မယုံတာလား စိတ်ပျက်တာလားမသိ၊ အဘိုးက ဘာမှမပြောဘဲ မျက်နှာ ရှုံသွားသည်။
“အဲဒါကြီးကို ဘိုထိုင်းက ပန်ကာလိုမခေါ်ဘူး ရဟတ်လို့ ခေါ်တယ်၊ နောက်တော့ အဲဒီရဟတ်ကြီးကို ပိုခေတ်မှီ အောင်လုပ်ဖို့ သူအကြံရလာလို့ မြို့ပေါ်ယူလာပြီး နာရီပြင်ဆိုင်တစ်ဆိုင်မှာ သံပတ်နဲ့ လည်ဖို့ လုပ်ခိုင်းတယ်”
“မင်းဟာ လွန်လွန်းလာပြီနော်၊ တော်ရုံပဲ ဖြီးပါဖြန်းပါဟာ”
“ကျုပ်ဖြီးတာ ဖြန်းတာတစ်လုံးမှမပါဘူး။ ကိုယ်တိုင်ကြားခဲ့မြင်ခဲ့တာတွေပြောနေတာ၊ တော်လည်း ပြောတာမဟုတ်ဘူး ကလေးကိုပြော နေတာ။ ဘိုထိုင်းမှာ ဒီထက်ဆန်းတာတွေ အများကြီး”
အဘွားက အဘိုးကို လှည့်ရန်တွေ့လိုက်ပြီး ကျွန်တော်ဘက်ကို ပြန်လှည့်ကာ
“အင်း အဘွားပြောတာ ဘယ်ရောက်သွားမျန်းတောင် မသိတော့ဘူး”
ဟို ပန်ကာမှာ သံပြတ်ထည့်တာလေ”
“သံပြတ်မဟုတ်ပါဘူး သံပတ်ပါ ငါ့မြေးရဲ့ ။ သံပတ်ဆိုတာက သန်းဘော်တို့ အိမ်မှာ ငါ့မြေးတွေတဲ့ စစ်သားရုပ် ၀မ်းလျား ထိုးသွားတဲ့ဟာလေ၊ အဲဒါ လှည့်ရတယ်မဟုတ်လား၊ အဒါမျိုးပေါ့”
“အေးလေ၊ ကလေးကစားစရာရုပ်တို့၊ နာရီတို့မှာ သုံးတဲ့ သံပတ်နဲ့ ပန်ကာလှည့် လို့ ရပါမလားဟ၊ အဲဒါကို ပြောနေတာ ……..ရှင့်ကို ဥာဏ်မရျိဘူးပြောရင် ရှင်မကြိုက်ဘူး၊သံပတ်နဲ့ လှည့်တော့ သံပတ်လောက်ပဲ လည်တာပေါ့၊ ဒါပေမယ့် နာရီဆရာက တော်ပါတယ်၊ နာရီထက် မြန်အောင် လုပ်ပေးလိုက်တာ”
“အေးလေ၊ နာရီထက် ဘယ်လောက်မြန်မြန် အအေးဓာတ်ရအောင် လည်မလားဟ”
“တော့်ကို ဘယ်သူက အအေးဓာတ်ရတယ် ပြောလို့လဲ၊ ဘိုထိုင်းက နိုင်ငံခြားက ရဟတ်မျိုး သူကြီးအိမ်မှာ ရှိတယ် ဆိုတဲ့ဂုဏ်ကို လိုချင်တာ၊ လည်ရင် ပြီးရော၊ အေးဖို့ မလိုဘူး၊ ဘိုထိုင်းရဲ့ ဥာဏ်က တော်ရုံလူ လိုက်လို့ မမှီ ဘူးတော့်”
“အေးကွာ၊ ဘိုထိုင်းက နှမ်းလုံးကြိုင်ကို မယူပဲ နင့်ယူခဲ့ဖို့ ကောင်းတာ”
“ဘာတော့”
အဘွားလေသံက မာသွားတော့ အဘိုးက ပြုံးစစနဲ့ နှီးဆက်ဖြာနေခဲ့သည်။ ဘွားဘွားက မျက်စောင်းထိုးပြီး ဇာတ်လမ်းကို ဆက်သည်။
“အဲ…..နောက်တော့ ဒိထက် ထူးဆန်းတာတွေ ဘိုထိုင်းကလုပ်ပြန်တယ်၊ တချို့ကပြောတော့လည်း ဘိုထိုင်းဥာဏ်မဟုတ်ဘူး၊ နှမ်းလုံးကြိုင် စီမံတာလို့ ဆိုတာပဲ အဲဒါက ဘာလဲဆိုတော့ ကြွက်မွေးတာပဲ”
“အင်း…..မင်းကတော့ လုပ်ပြန်ပြီ”
“တော်…………..၀င်မပြောနဲ့ တော်နဲ့ ဘာဆိုင်လို့ လဲ”
အဘိုးနဲ့ လှည့်လှည့်ရန်ဖြစ်နေရသဖြင့် အဘွားလည်း ဖာတ်လမ်းပြောရတာ အရှိန်ပျက်ပျက်သွားသည်။ မျက်နှာရှစ်ခေါက်ချိုး ဖြင့် အဘိုးကို လှည့်ရန်ဖြစ်လိုက် မြေးဘက်လှည့်ပြီး မျက်နှာချိုဖြင့် ဇာတ်လမ်း ဆက်လိုက်ဖြင့် အဘွားမျက်နှာပေါ် ဆလိုက်မီးကျသလို နီလိုက် ပြာလိုက်ဖြစ်နေသယောင်။
“ကြွက် ဟုတ်လား ကြက်မွေးတာ မဟုတ်ဘူးလား၊ ဘွားဘွားရဲ့”
ဒီတစ်ခါ စောဒကတတ်မိသူက ကျွန်တော် ဖြစ်သည်။
“သြော်…….ကြက်က လူတိုင်းမွေးနေတာ၊ ဘာဆန်းလို့လဲ မြေးရဲ့။ ခုဟာက အဆန်းတွေ လုပ်တတ်တ့ ဒီလင်မယားက ကြွက်မွေးတာလေ၊ ကြွက်မွေးတာ ။ ကြွက်မွေးတာက ကြက်လိုခြံနဲ့တော့ မွေးတာ မဟုတ်ဘူးပေါ့၊ သူက ကြွက်မွေးတာ ရည်ရွယ်ချက်ရှိတယ်ကွဲ့၊ပထမ သူက သူ့စပါးကျီတွေကို အခိုင်အခံ့ သေသေချာချာ ဆောက်တယ်။ အထူးသဖြင့် ကြွက်မ၀င်နိုင်အောင် လက်သမားနဲ့ ပန်းရံကို အသေအချာ ခိုင်းပြီး ဆောက်တာ၊ နောက်တော့ မြေကြွက်တွေကို အစာကျွေးတော့ တာပဲ။ ကျွေးတဲ့ နေရာမှာလဲ ရိုးရိုးမဟုတ် သေးဘူး။ မြို့ပေးက တိရစ္ဆာန်ဆေးကု ဆရာဆီမှာ အကောင်ပလောင်တွေကို အားဖြစ်အသားဖြစ်စေတဲ့ ဆေးတွေ တောင်းတန်တောင်း ၀ယ်တန်ဝယ်ပြီး အစာထဲမှာ ရောကေမးတာတဲ့။ ကျွေးတဲ့ နေရာမှာလည်း ရွာအနှံ ရွာဝန်းကျင်အနှံ့ကျွေးတာ၊ ရွာက လူတွေ မေးတော့ သူကြီးက သူ့ကြီးပွားရေးအတွက် ယတြာချေတယ်ပြောတာပဲ။ ဒီတော့ ရွာကလူတွေကလည်း ခပ်ပေါ့ပေါ့ပဲနေကြတာပေါ့။ ဒါပေမယ့် မကြာခင် ရွာထဲမှာ ကြွက်တွေ အရမ်းပေါလာပြီး တစ်ရွာလုံးကို ဒုက္ခပေးတော့တာပဲ။ အထူးသဖြင့် ရွာသားတွေရဲ့ စပါးကျီတွေကို ကြွက်ဖောက်ခံရတယ်လေ၊ အဲဒီမှာ ဘိုထိုင်းအိမ်က စပါးပဲ ကျန်နေမှာပေါ့”
“ဟ….နေစမ်းပါဦး၊ အဲဒါ ဘာအရူးထတာလဲ၊ကျန်တဲ့ စပါးတွေ ကြွက်ကိုက်ပြီး သူ့စပါးချည်းကျန်တော့ သူဘာအကျိုးရှိမှာလဲ”
“သြ…….စပါးပွဲစားတွေလာဝယ်တော့ သူ့စပါးချည်းပဲရှတာမို့ သူကြိုက်သလို ဈေးဆိုလို့၇အောင်ဖြစ်မှာပေါ့ တော့်”
“အမလေး။ တော်ပါပေ့ဗျာ။ ပွဲစားက သူဈေးတောင်းတိုင်း ပေးပါ့မလား။ ပေါက်ဈေးက တစ်တင်း တစ်ရာဆို သူတစ်ရာပဲရမှာပေါ့”
“သြော်….ဒီလိုဖြစ်လိမ့်မယ်တော့်၊ ကျုပ်မေ့နေလို့ စပါးပွဲစားလာရင်တော့ သူဈေးပိုရမှာမဟုတ်တာ ဟုတ်တယ်။ ဒါပေမယ့် သူကစပါးကျီတွေ ကြွက်အဖောက်ခံရတဲ့ အချိန်မှာ အဲဒီစပါးတွေကို ဈေးနှိမ့်ဝယ်လိုက်တာတဲ့၊ ပြီးတော့ စပါးတွေကို သူကိုမရောင်းချင်လည်း တစ်တင်းဘယ်ရွှေ့ဘယ်မျှဆိုပြီး နေရာဌားခနဲ့ လက်ခံသေးသတဲ့”
“ဟ၊ ဒါကတော့ သက်သက် ညစ်တာပေါ့၊ ရွာသားတွေက ခံကြသလား”
“မခံလို့ ဘယ်လိုလုပ်မလဲတော့်၊ သူက သူကြီးလေ။ အထက်တိုင်ရင်လည်း မြို့အုပ်မင်းတို့၊ အရေးပိုင်မင်းတို့က သူခွန့်ထား ကျွေးထားတာဆိုတော့ ဘယ်စကားပေါက်မလဲ၊ နောက်ကြွက်တွေကို တမင်ကျွေးပြီး မွေးထားပါလားလို့ ပြောတော့ကော ယုံကြမှာလား။ ပြီးတော့ ရွာသားဆိုတာ သူကြီးကို မော်ကြည့်ရဲတာမှမဟုတ်တာ၊ သူကြီးကို တိုင်လို၇တယ်ဆိုတာမျိုး တွေးတောင်တွေးရဲမှာ မဟုတ်ပါဘူး တော့်။ ဒီကြားထဲ နှမ်းလုံးကြိုင်က တစ်ရွာတည်းနေပြီး တို့အိမ်က စပါးဘာမှမဖြစ်၊ နင့်တို့ အတိတ်က အကုသိုလ်ကြွေးရှိလို့ပေါလို့ ပြောသေးသတဲ့”
“ဟုတ်မှာပေါ့ဟာ၊ သူပြောတာ ဟုတ်သားပဲ အတိတ်ဝဋ်ကြွေး မရှိဘဲ ဒီလိုအရူးလင်မယားနဲ့ ဘယ်တွေ့ပါမလဲဟ၊ ဒါနဲ့ နောက်တော့”
ဒီတစ်ခါတော့ ဘိုးဘိုးက နောက်ဖို့ ပြောင်ဖို့ သတိမရတော့ဘဲ ကိုယ်တိုင်ဇာတ်လမ်းထဲ စီးမျောသွားဟန်ဖြင့် ဒေါသသံပင်ပါလာသည်။
“နောက်တော့ ဘာဖြစ်ရမလဲ၊ တစ်ရွာလုံး ဒုက္ခရောက်၊ စပါးတင်မကပဲ တခြားပစ္စည်းတွေကိုပါ ကိုက်၊ တချို့အိမ်က ကလေးတွေကို တောင်ကိုက်လို့ ထောင်ချောက်ဆင်ဖမ်းရ၊ သတ်ရတောင် ဖြစ်သတဲ့။ ဘိုထိုင်းတို့ လင်မယားကတော့ အိမ်ရော စပါးကျီပါ လုံခြုံဖို့ အရေးကြိုလုပ်ထားတော့ ဘာမှမဖြစ်တဲ့ အပြင် အိမ်ဝန်းကျင် က ကြွက် အကောင်ထွားထွားကို ဖမ်းသတ်ပြီး ဘိုထိုင်းက ထန်းရည်နဲ့ မြည်းသေးသတဲ့။ သူတို့ လုပ်တိုင်းဖြစ်တော့လည်း ပျော်လို့ပေါ့လေ”
“ဟာ….နင့်ဟာက မဟုတ်သေးဘူးထင်တယ်။ ဒီလောက် မဟုတ်တရုတ်တွေလုပ်တဲ့ လင်မယား တစ်သက်လုံး ကြီးပွားချမ်းသာနိုင်ပါ့မလား ဟ၊ သူတို့လုပ်တဲ့ အကုသိုလ် တစ်နေ့ အကျိုးပေးတာလည်းရှိဦးမှာပေါ့”
“လာမယ်လေ၊ ရှင်က ဖြတ်ဖြတ်ပြောနေတာကိုး၊ ဘိုထိုင်းနဲ့ နှမ်းလုံးကြိုင်က လုပ်ချင်ရာလုပ်ပြီး ဘ၀င့်မြင့်နေကြတယ်။ မြို့ကြီးပြကြီး နဲ့ဝေးတဲ့နေရာမို့ သွားရေးလာရေး ခက်တာကြောင့်လည်း သူတို့ အနိုင်ကျင့်သမျှ ဖြစ်နေတာပေါ့။ ဒါပေမယ့် သူတို့ အကုသိုလ်အကျိုးပေးတန်လာတော့ ပြေးမလွတ်ပါဘူးတော်”
ခုကျတော့ ပုံနားထောင်သူ ကျွန်တော်ကိုပင် သတိရကြတော့ဟန် မတူဘဲ အဘိုးနဲ့ အဘွား လင်မယား က လေးပေးဖြောင့်နေကြပြန်သည်။
“အင်…..ဆိုပါဦး။ ဘယ်လိုဖြစ်ကြလဲ”
“ဘာဖြစ်ရမှာလဲ ကြွက်မွေးရင်း မွေးရင်း ကြွက်ကတစ်ဆင် သူကြီးကိုယ်တိုင် ပုလိပ်ရောဂါ ဖြစ်တော့တာပါပဲ”
တကယ်နားမလည်တာက တစ်ကြောင်း ။ကျွန်တော့်ကို သတိရစေချင်လို့ တစ်ကြောင်း ဒီတစ်ခွန်းကို ကျွန်တော်ဝင်ပြောဖြစ်သည်။
“ပုလိပ်က သေနတ်ကိုင်တဲ့ ပုလိပ် မဟုတ်ဘူး။ရောဂါ ……….ငါမြေးရဲ့ သိပ်ဆိုးတဲ့ ရောဂါ ။ ဆေးမရှိဘူး”
အဘွားက ဒီလိုပြောလိုက်တော့ အဘိုးက………….
“ငါမြေးက ငယ်တော့ ကြွက်ကနေ ပလိတ်ရောဂါ ဖြစ်တတ်တဲ့ ကိစ္စဘယ်နားလည်နိုင်ပါမလဲ”
ဟုဆိုသည်။ အဲဒါနဲ့ ကျွန်တော်လည်း သိပ်နားမလည်ပဲ ငြိမ်နေလိုက်ရပြီး…အဘိုးကသာ……….
“ဘိုထိုင်းက ပလိတ်ဖြစ်ပြီး သေရောလား”ဟု မေးတော့ အဘွားက
“ဘယ်ချက်ချင်းသေမလဲ ဘိုထိုင်း က အသက်အလွန်ပြင်းတာ။သူကြွက်တွေက သူသူသေတွင်းကို တူးပေးနေကြမယ်လို့ အိမ်မက်တောင်မက်ဖူးမှာ မဟုတ်ဘူး။ဒါပေမယ့် ရက်အတော်ကြာဝဋ်ခံနေ၇ပြိးမှ သူ့ကို အနီးကပ်ပြုစုရတဲ့ နှမ်းလုံးကြိုင်နဲ့ နှစ်လောင်းပြိုင်ပဲ”
“ဟင်….နှမ်းလုံးကြိုင်ပါသေတာလား သေတာလား”
“ဟုတ်တယ်လေ။ သူတို့ ကလေးတွေပါ ဘယ်လွတ်လိမ့်မလဲ၊ လှည်းကြိတ်လို့ ခြေထောက်ကျိုးပြီး မြို့ဆေးရုံမှာ ကုနေရတဲ့ နှမ်းလုံးကြိုင်ရဲ့ သားအကြီး တစ်ယောက်ပဲ ကျန်တယ်၊ သူတို့ သေပေမယ့ှ်ဇာတ်က မသိမ်းသေးဘူး။ သူတို့ မွေးခဲ့တဲ့ ကြွက်တွေ သောင်ကျန်းလို့ပလိပ်လည်းဖြစ်နေတော့ အဲဒီရွာမှာ ဘယ်သူမှမနေရဲဘူး။ဒါနဲ့ ထောက်ချောက်ဆင်ဖမ်း၊ကြွက်သတ်ဆေးကျွေး၊ဒါလည်း မကုန်နိုင်လို့ရွာကို မီးတိုက်တော့မှပဲ ကြွက်တွေပြေးသတဲ့။ ရွှေပြည်ဒေါ်ဆိုတဲ့ ဘိုထိုင်းဇာတိရွာလည်း ရွာသာတွေအကုန် ပြောင်းပြေးကုန်လို့ ရွာပျက်သလောက်ဖြစ်သွားတာတဲ့။ ဒီရွာမှာ ကြွက်တွေ ဆူပူသောင်းကျန်းခဲ့တယ်။နောက်မှ ကြွက်တွေ ပြေးသွားတာမို့ နောက်လာနောက်သားတွေက………….
“သြော် ဘိုထိုင်း ဘိုထိုင်း သူကို နှမ်းလုံးကြိုင်ထက် ပိုကြိုက်တဲ့ မိန်းမရှိတာမသိရှာပဲ အသေစောတာ နှမြောစရာကွာ”
“ကဲဟာ ဒီလောက်တောင်ရှိတာ”
“အမလေး ဗျာ”
သူ့စကားကို ဖြတ်ပြီးနောက် ပြောင်လိုက်တဲ့ အဘိုးရဲ့စကားကို ဒီတခစ်ခါ လုံးလုံးခံနိုင်ပုံမပေးပဲ ရုတ်တရက် ကွမ်းညပ်နဲ့ ကောက်ပေါက်လိုက်တာ။ ဒီလိုဖြစ်မှာကို ကြိုသိထားတဲ့ အဘိုးက ဖျက်ခနဲ အရှောင်ကောင်းလိုက် လို့ နဖူးတည့်တည့်မှန်ပြီး သုံးချက်လောက် ချုပ်လိုက်ရပါသေးလား။
ကြာတော့ကြာခဲ့ပါပြီ၊ ဒီပုံပြင်ကို ကျွန်တော်ကြားခဲ့ရတာ အနှစ်နှစ်ဆယ်လောက်ရှိခဲ့ပါပြီ။ အခုဆို ဘိုးရော ဘွားပါ မရှိတော့။ ဒါပေမယ့် သံပတ်နဲ့ လှည့်တဲ့ ပန်ကာဆိုတာမျိုး ကြုံသည်အခါ ဦးဘိုထိုင်းနဲ့ ဒေါ်နှမ်းလုံးကြိုင်တို့ကို သတိရနေမိတတ်သည်။
ဒီပုံပြင်ကို ငယ်ငယ်က စွဲခဲ့ပုံများ ကလေးအတွေးထဲမှာ ဦးဘိုထိုင်းဆေးကျွေးပြီး မွေးသည့် ကြွက်များမှာ ကြောင်လောက်ဖြစ်နေလေသည်။ ဒီလို ဧရာမကြွက်များက အိမ်က ပစ္စည်းကို ကိုက်ဖဲ့ဖျက်ဆီးရုံသာမက ကျွန်တော်ကိုပါ ၀ိုင်းကိုက်သည့် အိမ်မက်ဆိုးများလည်း ထိုကာလက မကြာခဏ မက်တတ်သည်။
နောက်ဆုံး ဒီလိုကြွက်များကို ဦးဘိုထိုင်းတို့ရွာတွင် ရှင်းလင်းရာမှာ မပါသွားပဲ ရှင်သန် ကျန်ရစ်ခဲ့ပြီး ကျွန်တော်တို့ အိမ်ရောက်လာမလားလို့လည်း တွေးပူခဲ့ရတာ အကြိမ် ကြိမ်။
နောက်ဆုံး ဒီလိုကြွက်မျိုးတွေ ကျွန်တော့် ဘောင်းဘီထဲ ၀င်လိုက်ရင် ဘယ်နှယ်လုပ်မလဲဆိုသော အတွေးဖြင့် ဘောင်းဘီတိုပေါ်မှာ ပုဆိုးကိုပါ ခပ်တင်းတင်းလေး ခါးထောင်းကျိုက်အိပ်ခဲ့ရဖူးသော ငယ်ဘ၀ရဲ့ ညမျိုးတွေက အခုပြန်တွေး သတိရမိတော့ ပြုံးချင်စရာဖြစ်ရပါသည်။
“သြော် ကျွန်တော် ငယ်ငယ်ကလည်း “လည့်တော့ လည်ရဲ့ ဒါပေမယ့် သံပတ်နဲ့ပန်ကာ”ဆိုတာမျိုး ဖြစ်ခဲ့ဖူးသည်ပဲကိုး။
မိုးဂျာနယ်၊အမှတ်(၁၀)၊ဇူလိုင်လ၊၂၀၀၇(နှာ-၁၃၈ မှ ၁၄၃ အထိ) ကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s