တမာမြေမှာ သုံးနှစ်တာ ၂

ကျွန်တော် လမ်းလျှောက်ထွက်ရင်း လမ်းဘေးတစ်ချကတစ်ဘက်မှာ တမာပင်တစ်ကိုတွေ့မိတော့ ငယ်သူငယ်ချင်း ယောင်း တစ်ယောက်ကိုတွေ့မိသည့် အလား ပျော်မိသည်။ ကျွန်တော်ချစ်တဲ့ တမာမြေ မုံရွာကို သတိရနေမိသည်။ ဒီမှာ အားတဲ့ အခါတိုင်းကျွန်တော် လက်စမသတ်ရသေးတဲ့ စာတွေ ကို အားရင် အားသလို ရေးနေမိသည်။ ကျွန်တော်ရဲ့ မပြီးသေးသော တမာမြေမှာ ၃ နှစ်တာ အခန်း နှစ်ကို ဆက်ရေးမိပါသည်။

အစ္စလာမ် ကျောင်းသားမိသားစု

ကျောင်းသားအဖွဲ့တွေထဲမှာ ကျွန်တော် ချင်းတွင်းကျောင်းသားမိသားစု EC လုပ်ပြီး ချင်းတွင်းအဖွဲ့ ပျက်လေသည်။ ဒါနဲ့ ကျောင်းကဖွဲ့သည် ပထမနှစ်ကျောင်းသားအသင်း(ပထမနှစ်တွင် သီးသန့်ကျောင်းသား အသင်းမရှိ ဒုတိယနှစ်ရောက်မှ သက်ဆိုင်ရာမေဂျာအလိုက် ဘောဂဗေဒအသင်း စာရင်းအင်း အသင်းဆိုပြီး ခွဲရသည်) မှာ EC ဖြစ်ပြန်သည်။ နောက် အဆောင်က မူဆလင်အကို နှစ်ယောက်ဖြစ်တဲ့ ကိုဝ နှင့်ကိုချမ်းတို့နဲ့ ပေါင်းမိပြီး အစ္စလာမ် ကျောင်းသား အသင်းဆီ ၀င်ထွက်သွားလာဖြစ်သည်။ ဘာသာလူမျိုးမတူပေမဲ့ အစ္စလာမ်ကျောင်းသား ကျောင်းသူများမှာ ကျွန်တော်အတွက် ညီအကိုရင်သဖွယ်ပါပဲ။ သူတို့ နိုင်ငံသားစိစစ်ရေးကတ်မရတဲ့ အကြောင်း လူဝင်မှုကြီးကြပ်ရေးပေါ်လစီကို ဝေဖန်ကြသည်။ သူတို့ထဲက အသင်းရဲ့ ကျောင်းသားခေါင်းဆောင် ဘောဂဗေဒမဟာကျောင်းသား ကိုသန့် ဆိုသူမှာ စာအတော်ဖတ်သည်။ သူနဲ့ ကျွန်တော် ပေါင်းဖြစ်သည် စာအုပ်တွေအကြောင်း ဘာသာရေးအကြောင်း ပြောကြ ဆိုကြ ညင်းခုန်ကြသည်။ အဆောင်လမ်းထိပ်က အားသစ် လဘက်ရည် ဆိုင်ဟာ ကျွန်တော်တို့ စကားဝိုင်း အစပြုရာဖြစ်သည်။ ကိုသန့် ကိုဝ ကိုချမ်း နဲ့ အခြား စီနီယာ ကျောင်းသားတွေနဲ့ စကားဝိုင်းဖွဲ့ ပြောကြသည်။ တစ်ခါတစ်ခါ ကျွန်တော်တို့ ကျောင်းကဆရာတွေလည်း ကျွန်တော်တို့နဲ့ အတူ အာလူးဖုတ် ကြသည်။ အချို့ က မိန်းထဲက ကျောင်းမတူ လူမျိုးမတူ ဘာသာမတူ ပေမဲ့ အဲဒီအချိန်က အားသစ် လဘက်ရည် ဆိုင်မှာ အတူတူရှိခဲ့ဖူးတာ တော့ အမှန်ပင်ဖြစ်သည်။

နောက် ဆရာမဒေါ်ဝါ၀ါသန်းဦး(နောက်မှ ဆရာမက ကျွန်တော်မိဘနှစ်ပါးရဲ့ သူငယ်ချင်းမှန်းသိသည်)ရဲ့ ကျူရှင်တတ်ဖြစ်သည်။ ဘာရယ်ညာရယ် သိလို့တော့မဟုတ် မုံရွာ က မမနှင်း ဆရာမဖြစ်တာ တစ်ကြောင်း အခန်းထဲမှာ စာသင်ချိန်မှာ တောင်လုပ်မြောက်လုပ် နေတာတစ်ကြောင်းကြောင့် ကျူရှင်တတ်ဖြစ်သည်။ ကျူရှင်တတ်တော်လည်း ရက်အပြည့် မတတ်ဖြစ်။

ဂရေစီ နဲ့ ထန်းရည်တစ်ဝိုင်း

ကျောင်းရှေ့ မှာ ကျွန်တော် ဆေးပေါ့လိပ်ဖွာနေတုန်း လူတစ်ယောက် ကျွန်တော်ကျောကုန်းကို ရိုက်လိုက်ပြီး `ဟေ့ကောင် မနေ့က ဘာလို့ ကျူရှင်မလာတာလဲ ဆရာမဆူနေတယ်´လို့ ပြောသည် အစပိုင်းနည်းနည်းတော့ ဒေါသထွက်သွားသည် သူက ကျူရှင်အတူတူ ဖြစ်ပေမဲ့ အခန်းမတူ သိပ်မခင်သေးတော့ အခုလို ပိုင်စိုးပိုင်နင်း မရိုက်သင့်ဟု ထင်ပြီသည် သို့သော် အလိုက်သင့်ပင် ပြန်ဖြေလိုက်သည်။ နောက် ကျွန်တော် သူငယ်ချင်း လှတောသား ရောက်လာပြီး ဟေ့ကောင် မင်းသူနဲ့ သိလား သူနာမည် ဂရေစီတဲ့  သူကို မိန်းကလေးလား ယောကျာင်္းလေးလား မှန်အောင်ပြော နိုင်ရင် ဟို ရွှေဘိုသားတွေ က ထန်းရည်တစ်ဝိုင်းတိုက်မယ်တဲ့ မင်းပြောနိုင်လား ´ ကျွန်တော် နည်းနည်း သိပ်ဝင်စားသွားသည်။ ဒီစောနက ကောင်ပုံစံ က တကယ် ယောကျာင်္းလေး လိုမျိုး ပါးစပ်ကကွမ်းယာဝါးလို့ သူဘေးမှာလဲ သူကောင်မလေး ဖြစ်လောက်မဲ့ မျက်လုံးပြူးပြူးကောင်မလေးပါသည် ဘယ်လိုကြည်ကြည် ယောကျာင်္လေးပုံစံ။နောက် အကြံတစ်ခုရပြီး အေးပြောနိုင်တယ် ခဏစောင့်လို့ ပြောပြီး မဟာတန်းက အမကို သွားမေးသည် သူက မုံရွာက လူအတော်အများကို သိသူမဟုတ်လား။ မမနှင်းက အဲဒါ မိန်းကလေးလို့ ပြောသည်။ ရွှေဘိုသားတွေ ကို သွားပြောပြလိုက်တော့ သူတို့ အံသြသွားသည်။ ဘယ်လိုသိတာလဲ ဘာလဲပေါ့ အဲဒီနေ့ ထန်းရည် တစ်ဝိုင်း အလကားသောက် လိုက်ရသည်။ နောက်ပိုင်း ဂရေစီ နဲ့ အရမ်းခင်နီုးတဲ့ သူငယ်ချင်းတွေဖြစ်သွားသည်။

ဂရေစီက လူကသာမိန်းကလေး၊ စိတ်နဲ့နေပုံထိုင်ပုံက မိန်းကလေးနဲ့ တစက်မှမတူ အရက်သောက်သည် ကွမ်းစားသည် ဆေးလိပ်သောက်သည် စော် ရှိသည်။ ကျွန်တော်တို့လည်း သူကို မိန်းကလေးမှန်းသိပေမဲ့ ဘယ်လိုမှ မိန်းကလေးလို့ထင်လို့မရ သူကလည်း သူကို မိန်းကလေးလို့ ထင်ရင် ရန်သူလိုသဘောထားသည်။ တနေ့ သူကို မိန်းထဲက ကောင်တွေက ချစ်ချစ် လို့ စလို့ သူက တုတ်ကြီးဆွဲ ရိုက်မယ် တကဲကဲလုပ်လို့ တားခဲ့ဖူးသည်။ ဘွဲ့ယူတဲ့နေ့မှ သူ မိန်းကလေးလို့ ၀တ်ပြီး ယူသည်(မိန်းကလေးက ယောကျာင်္းလို့ ၀တ်ပြီးဘွဲ့ယူခွင့်မပြု) သူကို မိန်းကလေးအ၀တ်အစားနဲ့နေတုန်း ကျွန်တော်တို့ အားလုံးဖက်နမ်းကြသည်။

ကြည်မရတာကနေ အချစ်ဆုံးသူငယ်ချင်းဖြစ်သွားသူ နှစ်ယောက်

ကျောင်းမှာ သူငယ်ချင်းလည်းအတော်များလာပြီး ဆရာမအတော်အများကလည်း အမေတို့ အဖေတို့ အသိတွေ နောက် မမနှင်း ကိုအိကေ တို့လို အကြီးတန်းတွေ နဲ့ချည်းပေါင်းတော့ ကျောင်းအကြောင်း အတော် အတန်သိလာသည်။ ရွှေဘို ၀က်လက်နယ်ဘက်က ကောင်တွေနဲ့ အတော်အဖွဲ့ ကျသည်။

ကျွန်တော် ကြည်မရတဲ့ ကောင်မလေး နှစ်ယောက်ရှိသည် တစ်ယောက်က ပိန်ပိန် အရပ်က ဂလန်ကလား တစ်ယောက်က လုံးကြီးပေါက်လှ သူတို့ အဆောင်ရှေ့ ကို ၀င်လာရင် ဆိုင်ကယ် လီဗာကို ဖြဲ ပြီး ကျွန်တော်တို့ ရှေ့ ကိုးရိုကားယား လုပ်ပြပြီး  မှ ဆိုင်ကယ်ကို ရပ်သည်။ တစ်ခါတစ်ခါ နှစ်ယောက် တစ်စီး တစ်ခါတစ်ခါ တစ်ယောက်တစ်စီးလာတတ်သည်။ သူတို့ကိုဘာဖြစ်မှန်းမသိ ကြည်လို့မရ ဒါကြောင့် သူတို့ ဆိုင်ကယ် ရပ်တိုင်း ကျွန်တော်နဲ့ ရွှေဘိုသားတွေက ဆိုင်ကယ်ကာပရိုက်တာကို ပိတ်ထားလေ့ရှိသည်။ နောက်ပိုင်း ကျွန်တော် မပိတ်ရင်တောင် ရွှေဘိုသားတွေက မှန်မှန် ပိတ်တတ်သည်။ နောက် ဒုတိယနှစ်မှာ သူတို့ နဲ့ တကယ်အချစ်ဆုံးသူငယ်ချင်းကြီးတွေ ဖြစ်သွားကြသည်။ ထူးဆန်းပေစွ။လုံးကြီးပေါက်လှ ရှေ့ပစ် နောက်ကောက် တစ်ယောက်က ဖေဘုတ်မှာ MC လိုလို ရက်ပါလိုလို ကြောင်တောင်တောင် သီချင်းတွေ တင်တတ်သော မိုးဆက်ခ ဆိုသူမေသက်ပိုင်စိုဖြစ်သည်။ အရပ်ရှည်ရှည် ဂလန်ကလား ကတော့ မြင့်မြတ်သော် ဖြစ်သည်။ သူတို့နဲ့အတူတွဲတဲ့ နောက်တစ်ယောက် ကတော့ မော်ထွေးဖြစ်သည်။

ဒုတိယနှစ်မှာ သူတို့ သုံးယောက်စလုံးနဲ့ စခင်ပေမဲ့ နောက်ဆုံးတော့ မိပိုင်(မေသက်ပိုင်စိုး)၊ မိသော် (မြင့်မြတ်သော်) တို့နဲ့သာ ကျောင်းပြီးတဲ့အထိခင်ပြီး အခုထိအဆက်သွယ်မပြတ် ပဲ ခင်မြဲခင်ဆဲပင်။

 

ကဗျာစာအုပ်

တက္ကသိုလ် မတက်ခင်ထဲက ဆရာမင်းလူရဲ့ တက္ကသိုလ်နောက်ခံ ၀တ္တူတွေ ဖတ်ပြီး တက္ကသိုလ်ရောက်ရင် သူလို မင်းလူ ၀တ္တူထဲက ဇာတ်ကောင်လို နေမယ်လို့ စိတ်ကူးပြီးသား။ တကယ်ရောက်တော့လဲ ဒီလိုပုံစံပဲ နေဖြစ်သည်။ လွယ်အိပ်ကို လွယ် ဆေးပေါ့လိပ် လက်ကြားညပ် စာလေး ကဗျာလေးရေးမယ်ပေါ။ ကျောင်းမှာ ကဗျာရေးချင်တဲ့ကောင်တွေ နဲ့ပေါင်း ကြည့်သူတို့ ကဗျာတွေ ကိုကြည့် ကဗျာစာအုပ် ပေါင်းလုပ်မယ်ပေါ့။ သူတို့ ကဗျာတွေက ဘာတွေမှန်းမသိ ဒီကောင်တွေနဲ့တွေ တွဲပြီး စာအုပ်မထုတ်နိုင် ငါ ကဗျာ လေးတွေ ပျက်သွားမယ်ပေါ့။ နောက်တော့ ကျွန်တော်နဲ့ အတူကဗျာစာအုပ်ထုတ်လို့ရမဲ့ ကောင်တစ်ယောက် တွေဖြစ်သည်။ သူက အစဉ်လာကြီးတယ် ကိုရင်တာတို့ မုံရွှေးက မြင့်နိုင်ဝင်း ရေးတဲ့ ဟန်က ဆရာအောင်ဝေးတို့ အောင်ချိမ့်တို့လို့ ဟန်မျိုး။ ဒီကောင်နဲ့ စာအကြောင်းပြော မောင်ချောနွယ် ပိုင်စိုးဝေ သစ္စာနီ ဇော်ဇော်အောင် တို့စာတွေ ဖတ် သူစာအုပ်ကိုယ်ဌား ကိုယ်စာအုပ် သူဌားနဲ့ နောက်ဆုံး ကဗျာ စာအုပ် တစ်အုပ်ဖြစ်အောင် ရေးကြသည်။ စာအုပ်နာမည်က ငါတို့ရဲ့ စိတ်အန်ံဖက်များတဲ့ စာအုပ်က တရားမ၀င် ကိုယ်ဘာသာ ရိုက်ထုတ်ပေမဲ့ အဆင့်ရှိတယ်။ ကျွန်တော်ကြိုက်တဲ့ မဂ္ဂဇင်းတွေဖြစ်တဲ့ စတိုင်သစ်၊မိုး၊စံပယ်ဖြူ တွေမှာ မော်ဒန် အက်ဆေးတွေ ရေးလေ့ရှိတယ် မောင်ဆေးရိုး ကိုယ်တိုင် ဖတ်ပြီး ကောင်းတယ် ငါ အမှာစာရေးပေးမယ် ဆိုကာ ရေးပေးခဲ့တဲ့ ကဗျာ စာအုပ်လေး။ စာအုပ်လေးထွက်တော့ ပျော်လိုက်တာ။ နောက် စာအုပ်ကို ကန်တင်းမှာ ထိုင်ပြီး မကုန်မချင်း ရောင်း မုံရွာ က စာရေးဆရာတွေ ကို လက်ဆောင်ပေး ဆရာ ဆရာမတွေ ကို လက်ဆောင်ပေးရင်း ခွက်ခွက်လှန်အောင် အရှုံးပေါ်လေသည်။

ဒါပေမဲ့ ဒီစာအုပ်လေးကြောင့် လူအတော်အများ ကျွန်တော် ကဗျာရေးကြောင်းသိသွားတာတော့အမြတ်ပေါ့။ ကန်တင်းမှာ ဥဂ္ဂါခိုင်မြဲ ဆိုတာ အဲဒီကောင်လေးပေါ့ လို့ ပြောရင် မြောက်မြောက်တတ်သွားသည်။ မြန်မာစာ ဆရာမနဲ့ ပါမောက္ခက ကောင်းတယ်လို့ ခေါ်ချီးမွမ်းသည်။ အချို့ ကလည်း စိတ်အန်ဖက် ဆိုတော့ ရွှံ့စရာကြီးတဲ့ နောက် အချို့ က ရီရတယ်နော်တဲ့( ကဗျာစာအုပ်ထဲ ရီစရာတစ်ခုမှမပါ)။ အဲဒီချိန်က ကဗျာ စာအုပ် ၁၀၀ ကျော်အတွက် ငွေတစ်သောင်းလောက် ကုန်သည်။ ၅ထောင်သာပြန်ရသည်။ ကဗျာ ဆရာ ခိုင်မြဲ နဲ့ ကဗျာဆရာမ စံသူနိုင်တို့ သွေးပဲ ဒီလောက်တော့ရှိမှာပေါ့ ဟီဟီ။

သောက်တော်ဗူးရယ်နဲ့ အို မကွာ အို မကွာ

သောက်မြင်ကပ်စရာ အကောင်းဆုံးနဲ့ သနားစရာ အကောင်းဆုံး သူကိုပြပါဆို တက္ကသိုလ် ကျောင်းသားတွေ ကို ပြရမည်။ အိမ်ကငွေပို့ လိုက်ရင် သောက်စားပြီး။ ပိုက်ဆံကုန်ရင် ရေသောက် ဗိုက်မှောက်ပြီး ကျားဥပုသ် စောင့်ကြသည်။ အဆောင်မှာ ကျောင်းသားများက သူတို့အိမ်က ငွေပို့ရင် အိမ် ကျောက္ကာလမ်းက ကျောက္ကာဦးအရက်ဆိုင်မှာ ပိုက်ဆံပေးမူးကြလေသည်။  အဆောက်မှာ မသောက်တတ်သူဆိုလို့ ၂ယောက် သာ ရှိသည် တစ်ယောက်က ခပ်ခြောက်ခြောက် တစ်ယေက် က ဘာသာရေးသမား မို့ မသောက် ကျန် လူကုန်သောက်ကြသည်။ အဆောင်သားအားလုံးနဲ့ ကျွန်တော်ခင်သောကြောင့် သူတို့ သွားသောက်ကြတိုင်း ကျွန်တော်ကိုခေါ်ကြသည်။ နောက် အဆောင်မှုးဆရာ ကလဲ သောက်တတ်သည်။ ဆရာ သွားသောက်တိုင်း ကျွန်တော်ကို အဖော်ခေါ်သည် ဆရာနဲ့ သောက်ရင်း သမိုင်းအကြောင်း စာအကြောင်း ပြောကြသည်။ ဆရာလည်း စာသမား ဆိုတော့ ပေါင်းဖြစ်သည်။

နောက် ကျောင်းက သူငယ်ချင်းတွေ နဲ့ ညနေ ထန်းတော ရောက်။ အဆောင်က သူငယ်ချင်းတွေနဲ့ ညဆို အရက်ဆိုင်ရောက် နဲ့ ကျွန်တော် တစ်လမှာ ရက် နှစ်ဆယ်လောက် အရက်သောက်ဖြစ်သည်။ ညဘက်ဆိုမှုးပြီး နံနက်ဆိုအစောကြီးထပြီး ဘုရားရှိခိုးလေသည်။ ကျွန်တော် အခန်းဖော်က မင်းက မီးဇာတစ်ဘက် ရေမှုတ်တစ်ဘက်ဖြစ်နေပြီလို့ ပြောဘူးသည်။ နောက် ကျွန်တော် အရက် မသောက်ရင် မနေနိုင်ဖြစ်လာပြီး ဆိုင်တွင်သွားမသောက်နိုင်လို့ အဆောင်စည်းကမ်း ဖောက်ကာ အရက်ဝယ်ပြီး အခန်းထဲမှာ သောက်ဖြစ်သည်။ ဆရာကမိသော အခါ မင်းတို့ ဒါနောက်ဆုံး အချိန်လို့ ပြောသည်။ ဒါကြောင့် ကျွန်တော်က အရက်ပုလင်း မကာ အဆောင်ရှေ့မြက်ခင်းမှာ ကျကျနန သွားသောက်လေသည်။ ဆရာက မင်းကတော့ကွာလို့ ပြောကာ ရီပြီးအခန်းထဲဝင်သွားသည်။

ကျွန်တော်အရက်သမားဖြစ်နေလား ကိုယ်ကိုကိုယ်ပြန်မေးကြည့်သည်။ မဖြစ်သေး ဖြတ်လို့ရသည်။ ဒါနဲ့ နောက် ဒုတိယနှစ် လယ်မှာ ကျွန်တော် အရက် မသောက်တော့ပေ။

ကမ္ဘာ မကြေဘူး

ကျောင်း ပိတ်ပြီး ပြန်ဖွင့်တော့မဲ့အချိန် အဲဒီနေ့က မိုးမရွာပါ။ ရက်စက်မှုကြီး တစ်ခု ဖြစ်ပွားသည်။ သူငယ်ချင်းအချို့ ပြန်မရောက်လာ။ အချို့ ကျောင်းထုတ်ခံရသည်။ ကံကောင်းသည်လော ကံဆိုးသည် လော မသိ ကျွန်တော် ဘာမှမဖြစ်ခဲ့။ကျွန်တော် ဘာမှမဖြစ်ခဲ့တဲ့ အတွက် ဖြစ်ခဲ့တဲ့ သူငယ်ချင်းတွေအတွက် အတော်ပူဆွေးရသည် ၀မ်းနည်းရသည် ယူကြုံးမရ။ တောက် ပြင်းပြင်း ခေါက်ကာ မြေကြီးကို လက်နဲ့ ထိုးပြီး ကမ္ဘာမကြေဘူးလို့ အကျယ်ကြီး အော်မိသည်။ ပါးပြင်က မျက်ရည်တွေ အခုခြောက်ရင် ခြောက်မယ် သွေးတွေကတော့ အခုထိမခြောက်သေး ……………ကမ္ဘာမကြေဘူး ဟေ့

ကျောင်းပြန်ဖွင့်တော့ ကျောက္ကာလမ်းက သူဘာမှမသိသလို စိမ်းမြနေဆဲ စိမ်းမြလှတဲ့ သစ်ရွက်အချို့ ကြွေခဲ့ပြီ နေနိုင်သူတွေ နေနိုင်ရက် သည်။ ကျွန်တော်မပျော်ပါ။ သစ်ရွက်စိမ်းတွေ အခါမဟုတ် ကြွေခဲ့ပေမဲ့ နောက်လာမဲ့ ရွက်နုသစ်တွေ အတွက် ကျွန်တော် ကျောင်းဆက်တက်ခဲ့ပါသည်။

သောကဝေမျှဖို့ ဘောဂဗေဒ

ဒုတိယ နှစ်မှာ မေဂျာခွဲသည် ကျွန်တော် ဘောဂဗေဒအထူးပြု ယူသည်။ ကောမက် အကောင့် ယူသူများသည်။ ဘောဂဗေဒ က လူနည်းသည် စာမတော်တဲ့ သူတွေ တက်တာလို့ပြောကြသည်။ ကောမက် နဲ့ အကောင် ကို ကျွန်တော် စိတ်မ၀င်စား ဘောဂဗေဒကိုတော့ ဆရာ ဒေါက်တာမောင်မောင်စိုး စာအုပ်တွေ ဆရာမောင်စူးစမ်း ဆရာကျော်ဝင်းစာအုပ်တွေ ဖတ်ပြီးထဲက ဘောဂဗေဒကို ပြတ်ပြတ်သားသား ယူခဲ့သည်။ အချို့ က ရှုးနေလား ပြောကြသည်။ တကယ်တော့ ကျောင်းက လူယူနည်းတာကို ယူတာ ဈေးကွက်သဘောအရမှန်တယ်လို့ ပြောလို့ရသည်။ ၀ါဏိဇ္ဇ(Commerce ) စာရင်းကိုင် ( Accountant ) မေဂျာတွေ ယူသူများသည်။ စီးပွားရေး ကျောင်း ၃ ကျောင်း က နှစ်စဉ်မွေးထုတ်လိုက်မဲ့ လူတွေ မနည်း အလုပ်အကိုင် ဈေးကွက်မှာ B.Com နဲ့ B.Act ဘွဲ့ရ တွေ ဖောင်းပွမည်။ နောက် LCCI ACCA တို့လို ပြင်ပသင်တန်းတွေ လည်းရှိသေးသည်။ နောက် ဒီဘာသာရပ်တွေ က ကျွန်တော်အတွက် စိတ်မ၀င်စား။ နောက်ပိုင်း ဖွံဖြိုးရေးလုပ်ငန်းတွေ လုပ်တော့မှ ဘောဂဗေဒယူခဲ့လို့ ဖွံဖြိုးရေးလုပ်ငန်းတွေ မှာ အတော်အသုံးဝင်မှန်းသိရတော့သည်။

ကုသိုလ်ရေးမို့ ကြိုးစားပါ

ဒုတိယနှစ် စတတ်တော့ ကျွန်တော် နှလုံးခွဲစပ်ပြီးကာစ သေတွင်းထွက် သေမှာကို မျက်မြင်ဒိဠ ခံစားခဲ့ရလို့ ဘာသာရေးတွေ ဇွတ်လုပ်သည်။ တနင်္ဂနွေနေတိုင်း သူငယ်ချင်းတွေ ပိုက်ဆံစုပြီး အားမာန် လက်ဘက်ရည် ဆိုင်က စမူဆာနဲ့ ထမင်းနဲ့ ၀ယ်ပြီး ဥက္ကံတောရကျောင်းက သံဃာတွေ ကို အာရုံဆွမ်းလောင်းသည်။ အဆောင်က သူငယ်ချင်းတွေ ပါလာအောင်စည်းလုံးသည်။ အရက်သမားက ဘာလို့ ဒီလောက် ကုသိုလ်ရေးတွေ လုပ်နေတာလဲ ဆိုပြီး အလှူငွေထည့်ကြသည်။ ကျွန်တော်သူငယ်ချင်းကြီး ကိုဝဏ္ဏလည်း ကျွန်တော်နဲ့အတူ အလှူလိုက်ခံသည်။ နောက် အဆောင်ကမဟုတ်သည် မီးငယ် သူဇာ ခမ်းလှူ အိမွန် နဲ့ ဂရေစီတို့ ပါ ပါလာသည်။ နံနက်အစောကြီးထပြီး တမာသင်းတဲ့ လမ်းတလျှောက် စိမ်းအုပ်အုပ် တမာပင်တန်း မဲနက်နေတဲ့ ကတ္တာရာလမ်း နဲ့ အနီရောင် သင်္ကန်းကို ဆင်မြန်းထားတဲ့ ရဟန်းတော်တွေ ကို အာရုံဆွမ်းကပ် ရတာ ကြည်နူးစရာ။ သံဃာတော်တွေ ဆွမ်းလောင်းပြီး စမူဆာတွေ မကုန်ရင် စမူဆာ တွေကို ဗန်းထဲတည့် ရပ်ကွက်ထဲ အလှည့် လိုက်ရောင်းကြသည်။ ကျွန်တော်တို့ ရောင်းတာကို တကယ်မှတ်ပြီး ၀ယ်တဲ့ သူတွေ ကို စမှုဆာ အလကားကျွေးသည်။

နောက် မုံရွာနယ်တ၀ှက် နာမည်ကြီး ဆရာတော်မှန်သမျှ ကျွန်တော်လိုက်ဖူးသည်။ ဆရာမတွေကိုလည်း ကျွန်တော် နဲ့ အတူလိုက်ဖူးဖို့ တိုက်တွန်းသည်။ သချာင်္ကတိက ဆရာမဒေါ်ကြည်ကြည်အေး(အမေကြည်) ဆို ကျွန်တော်နဲ့ အမြဲလိုက်ဖူးသည်။ မောင်ထောင်မြေဇင်းဆရာတော်ဘုရားကြီး၊ရွာမွန် သုဿန်တောရဆရာတော် တို့ဆီ ပျံလွန်တော်မမူခင် ၂ နှစ်လောက်ကရောက်ခဲ့သည်။ ရွှေစည်းခုံဘုရားက တရားပွဲ၊ ဆုတောင်းပြည်ဘုရား က တရားပွဲတွေ ဆိုညဘက်မို့ ဆရာကို ခွင့်ထောင်းပြီး တရားသွားနာသည်။ ပထ၀ီပါမောက္ခ ဒေါက်တာ ဒေါ်ခင်ခင်ဝေ(အမေဝေ)(ယခု ရန်ကုန်တက္ကသိုလ်ပထ၀ီပါမောက္ခ) ဆို ကျွန်တော်နဲ့ တရားနာဘက် ကျွန်တော်သွားတိုင်း သူဝင်ခေါ်ရသည်။ နောက်ပိုင်း ကိုဝဏ္ဏ၊ ကိုထိုက် တို့ပါ ကျွန်တော်နဲ့ လိုက်ဖြစ်သည်။ မုံရွာကလည်း တရားပွဲမှာ ၀ါတွင်းဆိုမပျက်ရှိတတ်သည်။

နောက် မုံရွာ ပေ ၈၀ လမ်းက မိဘမဲ့ ဘက ကျောင်းက ကလေးတွေ ကို နဲ့ စနေ တနင်္ဂနွေတိုင်း သွားသွား ကစားပေးသည်။ စာသင်ပေးသည်။ မုံရွာ ၃ နစ်တာအတွင်း ဒုတိယနှစ်ကစပြီး ကုသိုလ်အရေး အတော်လုပ်ဖြစ်သည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s