ကသာအင်းတော်ဒိုင်ယာရီ (21-22/05/2013)

မြတောင်ဇက်ဆိပ်မှာ ကားက တစ်ညလုံးရပ်ထားပုံရတယ်။ မနက်မိုးလင်းတော့ ဇက်က ကပ်နေပြီ ကိုကျော်စိုးက အိပ်ချင်မူးတူးနဲ့ထပြီး ဇက်ကြီးကို လဖေ့ရေဆိုင်မှတ်လို့တဲ့ သူကိုကြည့်ပြီး သင်းသင်းအေး၊ ဖူးပွင့် နဲ့ ကျနော်တို့ အညာသား ၃ ယောက် အင်းသား ကိုကျော်စိုးကို တသောသောနဲ့ ဝိုင်းဟားကြတာ အူတောင်နာတယ်။

မြတောင်ကနေ ထီးချိုင့်ကြား ဧရာဝတီမြစ်ကြီးပေါ်မှာ သောင်ထွန်းနေတာမှာ အကြီးကြီးပဲ ဟိုအရင်က ဒီလိုမဟုတ်ဘူး။ ဇက်ပေါ်မှာ ကိုကျော်စိုးနဲ့ ဖူးပွင့်တို့က ပဲပေးလိုက် ကျနော်က ဓာတ်ပုံရိုက်လိုက် နဲ့ ပျော်စရာကြီး။ ထီးချိုင့်ရောက်တော့ လဖေ့ရေဆိုင်မှာ မနက်စာစားကြတယ်။ ဆိုင်ပုံစံကြည်ပြီး မဟန်တာနဲ့ သူငယ်ချင်းတွေမှာတာကိုကြည့်တော့ အခြေအနေက အတော်ဆိုးတယ် ဒါကြောင့် အပြင်ထွက်ပြီး ဈေးက ကောက်ညင်းပေါင်းနဲ့ အကြော် ၅၀၀ ဖိုးလောက်သွားဝယ်ပြီး စားလိုက်တယ်။ ကောက်ညှင်းပေါင်းနဲ့ အကြော်က ၅၀၀ ဖိုးဆိုပေမဲ့ ကျနော်ဗိုက်ဝတဲ့ အပြင် အခြားသူငယ်ချင်းတွေပါ ဝိုင်းစားလို့ရအောင် များတယ်။

ထီးချိုင့်ကနေ အင်းတော်ကို ဆက်ထွက်တော့ လမ်းက ရွာတွေ အကြောင်း ဒေသအကြောင်းတွေကို ကိုကျော်စိုးကို ခပ်တည်တည်နဲ့ လက်ချာရိုက် အာလူးဖုတ်တယ်။ အမှန်တော့ ကျနော်လည်း သိပ်မသိ။ လမ်းတလျောက် ရွာတွေထဲမှာ နန်သဲရွာကိုတော့ မှတ်မှတ်ရရရှိနေတယ်။ ဒီရွာက ကျနော်သိပ်ကြိုက်တဲ့ နာနတ်သီးတွေ ထွက်တယ်လေ။ လမ်းမှာပေါက်နေတဲ့ အင်ပင်တွေကို ကျနော်က ခပ်တည်တည်နဲ့ ကျွန်းပင် ဆိုပြီးဖြီးတယ် ခရီးသည်တွေထဲက ကတူးကောင်မလေးက အဲဒါကျွန်းမဟုတ်ဘူး အင်ပင်ဆိုလို့ အရှက်ကိုကွဲရော။ ဒါပေမယ့် ခပ်တည်တည်ပါပဲ တခါကဆိုရင် မြက်ပင်ကို စပါးဆိုပြီးတော့တောင် ပြောဖူးတယ်။ စိုက်ပျိုးရေးဘွဲ့ရ မိဘနှစ်ပါးကြားရင်တော့ ရင်ကျိုးမှာ အမှန်ပဲ။ ဒီလို စလိုက်နောက်လိုက် လေပေါလိုက် လုပ်ရင်း အင်းတော်ကို ရောက်မှန်းမသိရောက်ခဲ့တယ်။

အင်းတော်မြို့ဝင်ဝင်ချင်းမှာပဲ အဖေတို့ အမေတို့ သူငယ်ချင်း အန်တီစိန်တို့အိမ်ကို လှမ်းကြည့် မိတယ်။ သူတို့အိမ်က NLD အင်းတော်ရုံးဖြစ်နေတယ်။ နောက်မှ သူ့အကိုက NLD လွတ်တော်အမတ်ဟောင်း ဆိုတာ သိရတယ်။

အင်းတော်ရောက်တော့ ကျနော်တို့ကိုလာကြိုမယ့်သူတွေက မလာသေးဘူး ရွာကိုဖုန်းဆက်တော့ ထွက်သွားတာ ကြာပြီတဲ့ နောက် နာရီဝက်လောက်ကြာတော့ရောက်လာတယ် ဆိုင်ကယ်ဦးထုပ် မဆောင်းလို့ အဖမ်းခံနေရလို့တဲ့ ဒီလိုမြို့ရွာလေးတွေမှာတောင် တရားဥပဒေ စိုးမိုးတဲ့ သဘောပေါ့ အဟက် အဟက် ဟက် ။

ကျနော်တို့ သင်တန်းလုပ်တဲ့ ရွာက အင်းတော်ကနေ ပြီး ဗန်းမောက်သွားတဲ့ လမ်းပေါ်မှာ ရွာနာမည်က အောင်းကုန်းရွာတဲ့ လယ်စိုက် စိုက်ပျိုးရေးလုပ်ပြီး  အိမ်ကြီးရခိုင်တွေနဲ့ တကယ့်ရွာကြီးတစ်ရွာပါပဲ။ ဘုန်းကြီး ကျောင်းကလည်း အကြီးကြီး ဇရပ်ကြီးတွေ ကလည်း ၅ ခု ၆ ခုလောက်ရှိတယ်။ အဲဒီရွာက ကျနော်တို့ သင်တန်းသူဟောင်းနီလာအေး(ဒီသင်တန်းကိုစီစဉ်သူ)အိမ်မှာ ခဏနားမယ် အားမနာ လျာမကျိုး ထမင်းတွေ စားတယ်။ တသောသောနဲ့ လေပေါတယ်။

စားပြီးသောက်ပြီး သင်တန်းလုပ်တဲ့ ဘုန်းကြီးကျောင်းက ဓမ္မာရုံက ဟီးနေတာပဲ အကျယ်ကြီး အကြီးကြီး ဓမ္မာရုံနာမည်ကလည်း ဝိမုတ္တိတဲ့ လွတ်မြောက်ခြင်းပေါ့ ကောင်းလိုက်တဲ့ အတိတ်နိမိတ်။ ဒီဓမ္မာရုံမှာ ခြေပစ်လက်ပစ်ခဏနားပြီး ကိုကျော်စိုးက လူတွေကြားထဲ တခေါခေါနဲ့ အိပ်ပျော်သွားလေရဲ။ ကျနော်တို့တော့ ရွာခံတွေနဲ့ တော်တီပွား ကတူးလူမျိုးတွေ အကြောင်း ပြောလိုက် ဒေသအကြောင်းပြောလိုက် နဲ့ အတော်ကြာသွားတယ်။

နောက် ကိုကျော်စိုးနိုးလာတော့ မန်လည်ဆရာတော်ကြီးရဲ့ကျောင်းရှိရာ မန်လည်ကျောင်းကို အလှည်သွားကြတယ်။ ကျနော်တို့ သင်တန်းလုပ်တဲ့ရွာနဲ့ မန်လည်ရွာနဲ့ က မိနစ် ၂၀ / ၃၀ လောက်ပဲ ဆိုင်ကယ်နဲ့ သွားရင်ရောက်တယ်။

မန်လည်က အရင်ကမြို့ နောက်ပိုင်း အင်္ဂလိပ်ခေတ်ရောက်မှ ရွာဖြစ်သွားရ ရှာတာ။ ဒါပေမယ့် ငယ်ငယ်က အရမ်းချောတဲ့ အဖွားကြီးတစ်ယောက် ကြီးလာတော့လည်း ငယ်က လှဂုဏ်မပျောက်သေးပဲ လှနေသလို မန်လည်ရွာကြီးက လှနေဆဲ။မန်လည်ရွာက မန်လည်ကျောင်းမှာ မန်လည်ဆရာတော်ဘုရားကြီးရဲ့ စံကျောင်း၊ မပုပ်သိုးပဲတည်ရှိနေတဲ့ မန်လည်ဆရာတော်ရဲ့ ရုပ်ကလာပ်၊ ဆရာတော်ကြီး တည်ထားခဲ့တဲ့ လက်ရာတွေ ကို ကြည်ရင်း ကြည်ညိုရင်း ဟိုးအရင် ဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်ကထဲက ဒီနေရာ ဒီဒေသဟာ အတော်လေး စည်ပင်ခဲ့မှန်း သိသာလှတယ်။

မန်လည်ဆရာတော်ရေးသားတဲ့ မာဃဒေဝအလင်္ကာသစ်ကြီး လောကီရေရား အဖြာဖြာနဲ့ ပတ်သက်ပြီး အတော်ပြည်စုံတဲ့ ကျမ်းလို့ ပြောကြတယ်(ကျနော်အိမ်မှာရှိပေမဲ့ တခါမှတော့ သေချာမဖတ်ဖူးသေးဘူး) နောက် ဆရာတော်က တောင်တွင်း မတစ်လုံးကျေဆရာတော် ခင်ကြီးပျော်နဲ့ ဆရာစဉ်ဆက် အဆက်အနွယ်လို့ပြောကြတယ်။ မန်လည်ဆရာတော်ကိုလည်း မတလုံးဆိုတဲ့ ဘွဲ့ပေးကြတယ်။ နောက် ဆရာတော်ပြုစုခဲ့တဲ့ ကျမ်းတွေထဲမှာ မာဃဒေဝလောက်ပဲ လူသိများပေမဲ့ အခြားကျနော်တို့ သိပ်မသိသေးတဲ့ ကျမ်းတွေ အများကြီး အများကြီး ပြုစုခဲ့တယ်ဆိုပဲ။ အချို့ဆို ပုံနိုပ်မှုတောင်မပြုရသေးပဲ ပေမှုသပ်သပ်ပဲ ရှိသေးတယ်တဲ့။ မန်လည်ကျောင်းအနုံလျောက်ကြည့်ပြီး အပြန်မိုးချုပ်မှာစိုးတာကြောင့် စောစာပဲ ပြန်ခဲ့လိုက်တယ်။

အပြန်လမ်းမှာတော့ ရွာခံ ကတူးဆရာ(ကတူးစာပေနဲ့ယဉ်ကျေးမှုအသင်း)နဲ့ ကတူးလူမျိုးကြောင်း သမိုင်းကြောင်းတွေ လမ်းတစ်လျောက်အားလူးတွေ ဖုတ်ပြန်တယ်။

ကတူးလူမျိုးတွေ အကြောင်းကလည်း စိတ်ဝင်စားစရာ စဉ်းစားစရာတွေ အများကြီးပါ။ ဟိုးအရင်က မြန်မာပြည်ထဲကို အရင်ရောက်လာတဲ့ ပျုတို့ သက်တို့ ကောင်းစားစဉ်ထဲက ကတူးလူမျိုးတွေကလည်း တစ်ထီး တစ်နန်းနေခဲ့ကြသတဲ့။ မြန်မာပြည်အလယ်ပိုင်းက ထင်းရှားတဲ့ လွင်ပြင်ဒေသကြီး ၃ခု (၁၊တမ္ပဒီပတိုင်းရှိ မင်းဘူးလွင်ပြင်။၂၊သုနာပရန္တတိုင်းရှိ ကျောက်ဆည်လွင်ပြင်။၃၊ရွှေဘို(ခ)မူးမြစ်လွင်ပြင်။) တွေမှာ တတူး(သောက်ကတူး(ခ)သစ်ကန်တူ) လူမျိုးတွေက ရွှေဘိုဒေသမှာ နေခဲ့ကြတယ်။(ညိုမြ၊ ကုန်းဘောင်ရှာပုံတော်)

အနော်ရထာလက်ထက်မှာ ဒီ သစ်ကန်တူ(ကတူး)လူမျိုးတွေ ပြည်ပျက်ပြီး တစ်ကွဲတပြား ဖြစ်ခဲ့ကြတယ်တဲ့။ အရင်က တန်ခိုးထွားခဲ့တဲ့ ကိုယ့်ထီးကိုယ့်နန်းနဲ့ တခမ်းတနား နေခဲ့တဲ့ လူမျိုးစု အခုတော့ လူနည်းစုဖြစ်ခဲ့ပြီ။ တရားကျစရာ သံဝေဂရစရာ အမျိုးဘာသာသာသနာလည်း အနိစ္စနဲ့ မကင်းကြောင်းဆိုတဲ့ အသိ ဒီဆရာနဲ့စကားပြောရင်း ပိုပိုခိုင်မာလာခဲ့တယ်။

နောက် ဒီဆရာနဲ့ပဲ တိုင်းရင်းသား လူနည်းစုတွေ အကြောင်း ဆက်ပြောဖြစ်တယ်။ အဖ ကတူး အမိ ကတူး ကမွေးပေမဲ့ မှတ်ပုံတင်ထဲ အော်တိုမစ်တစ် ဗမာ လူမျိုး ဖြစ်ရတဲ့အကြောင်းတွေ၊ ကတူးတိုင်းရင်သား ဘာသာစကား မှာ အပြောစကားရှိပေမဲ့ အရေးစာ အခုမှ တီထွင်နေရတယ်ဆိုတဲ့ အကြောင်းတွေ၊ ကတူးတို့ ရဲ့ ဓလေ့ထုံးစံတွေ သမိုင်းကြောင်းတွေ ယဉ်ကျေးမှုတွေအကြောင်း ပြောရင်း ဆိုရင်း မိုးချုပ်ခဲ့ပြန်တယ်။

မနက်ဖြန်အတွက် ကျနော်ဆွေးနွေးရမယ် ခေါင်းစဉ်က ၂ ခု အချိန်က ရတာ ၁ရက် ဆွေးနွေးရမှာက များများ ရတဲ့ အချိန်က နည်းနည်း အဆင်ပြေအောင် ကျနော် လမ်းလွဲနေရင် ထောက်ဖို့ ကိုကျော်စိုးတို့ ဖူးပွင့် တို့ကို ပြောထားရတယ်။ နောက် ကျနော်ဆွေးနွေးရမယ် ခေါင်းစဉ်တစ်ခု ဖြစ်တဲ့ အသင်းအဖွဲ့တည်ထောင်ခြင်း က ကျနော် ကျွမ်းလှတာမဟုတ် သိလှတာလည်းမဟုတ် တတ်သလောက်မှတ်သလောက်နဲ့ လျှောက်ပြောရ တော့မယ်ဆိုတာ တွေးရင်း အတော်နဲ့ အိပ်မပျော်ပါ။

မနက်ခင်း မိုးလင်းလင်းချင်းက ထုံးစံအတိုင်း ဗုဒ္ဓဘာသာ လူငယ်ဖွံဖြိုးရေးသင်တန်းဆိုတော့ မနက်ခင်း တရား ၁၅ မိနစ်လောက် အားထုတ်တာနဲ့စရတာပေါ့။ သင်တန်းသားတွေ အကုန်လုံးနီးပါး တရားလာထိုင်ကြတယ်။ အရင်အရင် သင်တန်းတွေ(သင်တန်းတတ်တာများသောသင်တန်းသားများ) ဆို နံနက်ခင်းတရားထိုင်ချိန်ဆို ပျောက်တာတို့ မထတာတို့ အတော်များတယ်။ ဒီက သင်တန်းသားတွေ ကတော့ အကုန်လိုလို တရားလာထိုင်ကြတယ်။ တရားပြဆရာသမားကတော့ ကျနော်ပေါ့ ဟီးဟီး။ အမှန်တိုင်း ပြောရရင် ဒီလို တရားပြရတာမျိုး သိပ်မလုပ်ချင် ဘာဖြစ်လိုလဲ ဆိုတော့ ကိုယ့်ကိုယ်တိုင်က တရားကို သေသေချာချာ နိစ္စဒူဝ အားထုတ်တာမျိုးမရှိ တခါတလေမှ စိတ်ကူးပေါက်လို့ ထထလုပ်တတ်တာမျိုးဆိုတော့ ကိုယ့်ကိုကိုယ်တော့ သိပ်လိပ်ပြာလုံလှတာ မဟုတ်။ 😛

တရားပြတယ်ဆိုတာ ကလည်း ပြောတာသာကြီးကြီးကျယ်ကျယ်ဖြစ်တာ တကယ်တမ်းတော့ ဘာမှ မဟုတ်လှ ရေထွက်တဲ့နည်း (ဂဏာနနည်း-စာလုံးပေါင်းမှားနိုင်သည်) နောက် တရားမှတ်တာ မဟုတ် သိရုံမျှဆိုတာ လောက်ပဲ သိတဲ့ သိမှုမှာလည်း ဘာအမည် ပညတ်မှ မပါပဲ ရိုးရိုးလေးသိဖို့ ပြောပြတာလောက်ပါပဲ။ နောက် မေတ္တာပို့တာလောက် လုပ်ပြီး မနက်ပိုင်း တရားအချိန်ပြီးတာပါပဲ။

 

ဆက်ရန်ကျန်သေးသည်

ရန်ကုန်ဆေးရုံကြီးမှ Upload လုပ်ပါသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s