ကျနော်လေးစား ဆတော်ကြီးများ ၁

ကျနော်ငယ်ငယ်တည်း ဘုန်းတော်ကြီးတွေဆရာတော်တွေကြား ကြီးလာခဲ့လို့ ရဟန်းတော် သံဃာတော်တွေကို အားကျကြည်ညိုမိတယ်။ အသက်လေးနဲနဲလေး ရပြန်တော့ အရင်ကလောက်တော့ မဟုတ်တော့ဘူး အချို့ အချို့ကို ကြည့်မရ ကြည်ညိုလို့မရဖြစ်ပြန်တယ်။ဒါပေသိ မြန်မာသာသနာ သမိုင်းတလျှောက် ထွန်းပြောင်ခဲ့တဲ့ ပရိယတ်ကြယ်စင်တွေ ပဋိပတ်ကြယ်စင်တွေဝိမုတ္တိကြယ်စင်တွေ ကို ပြန်ပြန် ထမ်းထမိတယ်။ မင်းမျက်နှာမထောက် ဒကာမျက်နှာမထောက် သာသနာ(အဆုံးအမ)မျက်နှာသာထောက်ပြီး လောကတည်ငြိမ်ရေး ငြိမ်းချမ်းရေး တရားမျှတရေး အတွက် ကြံဆောင်ကြမယ့် သံဃာ(အသိုင်းဝိုင်း)များကိုစိတ်ချင်ချင်းတက်၍ ကျနော်လေးစား ဆတော်ကြီးများအကြောင်းကို ကိုယ်လက်လှမ်းမှီရာ စာအုပ်တွေထဲကမှ ပြန်ရိုက်ပြီး ဝေမျှလိုက်ပါတယ်။

 

အာဒိစ္စဝံသ၊ရှင် (မြန်မာ ၁၂၄၄-၁၃၁၃)

       

ရှင်အာဒီစ္စမပေါ်ပေါက်မီဗုဒ္ဓသာသနာနှစ်ပေါင်း ၂၅၀၀ အတွင်း သာသနာ အကျိုး၊ လောကအကျိုးကို သယ်ပိုး ဆောင်ရွက်သွားသောပုဂ္ဂိုလ်ကြီးတို့ကား

(၁)ပုဂံခေတ် သဒ္ဒနီတိကျမ်းပြု ရှင်အဂ္ဂဝံသ၊

(၂)ပင်းယခေတ် အဘိဓာန် ဋီကာကျမ်းပြု စတုရင်္ဂဗလအမတ်ကြီး၊

(၃)ကုန်းဘောင်ခေတ် ကျမ်းများစွာကို ပြုသည့်ပြင် လောကီလောကုတ္တရာတို့၌ မတတ်မသိ မရှိလောက်အောင်ကျွမ်းကျင်လိမ်မာသဖြင့် (မ-ကာရလောပ) မ-တလုံးကျေ အမည်ရသော တောင်တွင်း သာသနာပိုင် ဆရာတော်ခင်ကြီးဖျော်၊

(၄)ယင်းခေတ် နေတ္တိမဟာဋီကာသစ်နှင့် သုတ်သီလက္ခန် ဋီကာသစ်တို့ကိုပြုသည့် အပြင် သက္ကတကျမ်းများစွာကိုမြန်မာပြန်ဆိုခဲ့သော မောင်းထောင် သာသနာပိုင် ဆရာတော်၊

(၅)ယင်းခေတ် ပါဠိဘာသာ မြန်မာဘာသာကျမ်းများစွာကို ပြုခဲ့သဖြင့် (ဗုဓ်အစ- ဗုဓ်အလယ်-ဗုဓ်အဆုံး)ဟုတသာသနာလုံး ခြီးကျူးခြင်းခံခဲ့ရသော ဆရာတော်ဦးဗုဓ်၊

(၆)အင်္ဂလိပ်ခေတ် ဒီပနီကျမ်းများစွာကို ပြုခဲ့ရာ ပရမတ္တဒီပနီကျမ်းကို ပြုရာ၌ ဋီကာကျော်ဝယ်အချက်ပေါင်းများစွာကို ပယ်ထားသဖြင့် “ဋီကာကျော်ကို ပယ်ရာ သလော” ဟု တသာသနာလုံး တုန်လှုပ်ချောက်ချားသွားသော လယ်တီဆရာတော်ဟု ၍ ပုဂ္ဂိုလ်ကြီး ခြောက်ဦးတို့ ဖြစ်သည်။ ယင်ပုဂ္ဂိုလ်ကြီးတို့ကား ဗုဒ္ဓသာသနာဝယ်ရခဲ ပေါက်ပေါက်ခဲ့သဖြင့် သမိုင်းမော်ကွန်းဝင်တို့ဖြစ်သည်။

ယင်းအင်္ဂလိပ်ခေတ်မှာပင် ခုနှစ်ဦးမြောက် ဖြစ်ထွန်းပေါ်ပေါက်လာသောပုဂ္ဂိုလ်ကြီးကား အာဒီစ္စဝံသ ပင်ဖြစ်သည်။ ထိုရှင်အာဒီစ္စဝံသည် လောကီ လောကုတ္တရာ အရာရာတို့၌တိကျမှန်ကန်သည်ဟု ယူဆအပ်သော ယူဆချက်ကို သူတပါးနှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ပြတ်ပြတ်သားသားပြုလုပ်ရဲ၊ ပြောဆိုရဲ၊ ရေသားရဲသော အစွမ်းသတ္တိရှိသည်။ ပါဠိ၊ မြန်မာ၊ ကဗျာအလင်္ကာမှစ၍ ကျမ်းပေါင်းများစွာကိုပြုရာတွင်“ဘိက္ခုနီသာသနာသာသနာနောပဒေသကျမ်း”ကို ပြုရာ၌ ပကာသနိယကံနှင့် အပ္ပသာဒပဝေဒနိယကံ အပြုခံရသည်အထိတသာသနာလုံး တုန်လှုပ်ချောက်ချားသွားသောကြောင့် အလွန်ထူးခြားသော သမိုင်းမော်ကွန်းဝင်ပုဂ္ဂိုလ်ကြီးတပါးဖြစ်ကြောင်းထင်ရှားသည်။

ထိုရှင်အာဒီစ္စဝံသ၏ အတ္ထုပ္ပတ္တိကား ဤသို့တည်း။ရှင်အာဒီစ္စဝံသ သည် ရမည်းသင်းမြို့ အနောက်တောင်လက် ခရီးလေးတိုင်ကွာ ရမည်းသင်းငါးမြို့အဝင် မြှိုလှမြို့ အရှေ့တောင်လက် ခရီးတတိုင်သာသာ ပင်းစုရွာတွင် ၁၂၄၄ ခှုနှစ် နယုန်လပြည့်ကျော်၁၁ရက် တနင်္ဂနွေနေ့ နံနက်နေဝန်းပေါ်အချိန်တွင် ဖွားမြင်သည်။ အဖ ဦးလာ၊ အမိ ဒေါ်အုပ်၊ ဦးလာကားအင်း-အိုင်-လက်ဖွဲ့-ခါးလှည့်- မန္တန်မှော်ပညာကို ကျွမ်းကျင်သော ဗိန္ဓောဆရာဖြစ်သည်။

ရှင်အာဒီစ္စဝံသကား တဦးတည်းသော သားဖြစ်သည်။လူဝင်စားလည်းဖြစ်၏။ ဤဘဝမရောက်မီဘဝက အမိ၏ မွေးချင်းငါးယောက်တွင် အငယ်ဆုံးညီမဖြစ်ခဲ့ဘူး၏။ယင်းမိန်းမဘဝ မရောက်မီဘဝကလည်း ယောကျာင်္းဖြစ်ခဲ့ ဘူး၏ဟု ရှေးရှေးဘဝအဖြစ်ပျက်ကို ပြောဆိုနိုင်သည်။

ငါးနှစ်အရွယ်တွင် ရွာဦးကျောင်း ဦးရီးတော်အရင်းရမည်းသင်းရွှေဂူ၊ ရန်အောင်၊ ဇောင်ခြင်းတောင် သုံးဂိုဏ်းချုပ် ဓမ္မကထိက မဟာဝိဘင်္ဂဓရ ဘွဲ့တံဆိပ်တော်ရရှင်ဝိလာသထံ၌ သင်ပုန်းကြီး၊ မင်္ဂလသုတ်၊ နမက္ကရ၊ အောင်ခြင်းနှစ်မျိုး၊ ရတနာရွှေချိုင့်၊ပရိတ်ကြီး၊ သဒ္ဒါကြီး၊ သဂြိုင်္လ် စသော အခြေခံကျမ်းစာတို့နှင့် ဗေဒင် လက်ရိုးကို သင်ယူခဲ့သည်။

ဆဲ့ခြောက်နှစ် အရွယ်တွင် ရှင်သာမဏေပြုသည်။ဘွဲ့အမည်ကား ရှင်အာဒီစ္စဝံသတည်း။ သာမဏေပြုပြီး မကြာမီ သုံးဂိုဏ်ချုပ်ဆရာတော်ကြီး ပျံလွန်တော်မှုသဖြင့်ပညာသင်ကြားရေး နှောင့်နှေးသွားသည်။

ဆဲ့ခြောက်နှစ်အရွယ်တွင် ရမည်းသင်းနယ်ထောက်ကြံ့ခြင်းကျောင်းတွင် ဂဏန်းသချာင်္သင်ယူသည်။

ထိုနောက် ပျော်ဘွယ်မြို့ ဝေဇယန်ဆရာတော်ရှင်ဝိမလထံရောက်၍ ယင်းဆရာတော်၏တူ လေသာဆရာတော်ဝိလာသထံတွင် ဋီကာကျော်၊ ကင်္ခါ၊ ဝိနည်းငယ်လေးစောင်၊အဘိဓာန်တို့ကို သင်ယူသည်။

၁၂၆၃ခုနှစ် နတ်တော်လဆန်း ၁၃ရက်နေ့ နံနက်၉ နာရီအချိန်တွင် ပျော်ဘွယ်မြို့ အိုးကုန်းတိုက် ခဏ္ဍသိမ်၌ ဝေဇယန်ဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ကာရက သံဃာ ၅၀ ကျော်ခြံရံလျက် ရဟန်းဖြစ်သည်။

ရဟန်း နှစ်ဝါတွင် မန္တလေးသို့ရောက်၍ဘုရားကြီးတိုက် တိုက်အုပ်ဆရာတော်၏ ကျောင်းသစ်ကြီး၌ နေသည်။ သုံးဝါတွင် ဘုရားကြီးတိုက်မြို့အုပ်ကြီးကျောင်း ဂဏဝါစကရှင်ဝိသုဒ္ဓထံ၌ သဒ္ဒါ၊ ဆန်း၊ အလင်္ကာ၊ အဘိဓာန်၊ ကစ္စာယနသာရ၊ဘေဒစိန္တာ၊ ပုဒ်စစ်၊ အဘိဓမ္မာညဝါ၊ ဝိနည်းငါးကျမ်း ပါဠိတော်တို့ကိုသင်ယူခဲ့သည်။

ထိုနောက် စစ်ကိုင်းတောင် အရိယဝံသချောင်၌သုံးလနေပြီးလျှင်၊ ပခုက္ကူမဟာဝိသုဘာရာမတိုက်သို့ သွား၍ ပိဋိကတ်သင်နည်းကို စုံစမ်းရာ၊ကျေနပ်မှုမရှိသဖြင့် ညောင်တုန်းမြို့ရွှေဟင်္သာတောရတိုက်သို့သွားကာ ဋီကာကျော်ယောဇနာ ကျမ်းပြုဆရာတော်ဝေဒ၊ သက္ကတ၊ ဂဏန၊ အင်္ဂလိပ်စသော ဘာသာသန္တရဆေက ရှင်ဥာဏိန္ဒာသဘထံ သင်ရိုးပိဋိကတ်အဋ္ဌကတာအစုံနှင့်ပဒရူပသိဒ္ဓိ၊ ဋီကာကျော်၊ သက္ကတကဗျာ ကရုဏ်ကျမ်းတို့ကို သင်ယူခဲ့သည်။

ထိုစဉ်အခါ ရဟန်းငါးဝါတွင် မူလရည်ရွယ်ချက်အတိုင်းပိဋိကတ် တတ်မြောက်ပြီးဖြစ်၍ ဂဏဝါစက စာချပြုလုပ်လျက် ပါဒသိက္ခာ နယူပဒေသကျမ်းကို ရေးသားခဲ့သည်။ထိုပြင် ထိုစဉ်က ထုတ်ဝေသော ဟံသာဝတီသတင်းစာတွင် ပညာဝန်ဦးဘိုးစဟူသော ကလောင်အမည်ဖြင့်ပိဋိကတ်ဆိုင်ရာ ခက်ရာခက်ဆစ် ဆောင်းပါးတို့ကို အပြိုင်အဆိုင်ရေးသားခဲ့သည်။

ထိုနောက် ရှင်ဥာဏိန္ဒာသဘနှင့် အတူ တွံ့တေးမြို့ကျောင်းသစ်ကျောင်းရှင်နာဂထံ ရောက်၍ စာပေ ပို့ချလျက် တဝါနေကာ၊ ပါဠိဘာသာဖြင့် ကစ္စာယနသင်္ဂဟကျမ်းကို ရေးသားခဲ့သည်။

ထိုနောက် မော်လမြိုင်မြို့ ရတနာဘုံပျံကျောင်းဆရာတော်ထံ တဝါ၊ တော်ငူမြို့ ပိဋိကတ္တယာရာမ ကျောင်းဆရာတော်ထံ သုံးလနေထိုင်ခဲ့၍၊ မိခင်ကြီးမကျန်းမာသဖြင့်နေရပ်သို့ပြန်ကာ ပျော်ဘွယ်မြို့ ဥပဇ္ဈာယ်ဆရာတော် ကျောင်းမှာပင် နေထိုင်လျက် ဝါကျွတ်၍ရှစ်ဝါရတွင် မိခင်ကြီး ကွယ်လွန် အနိစ္စရောက်သည်။

တဖန် ပညာဗဟုသုတဆည်းပူးဆည်းပူးရန် အရပ်ရပ်သို့လှည့်လည်ရာ၊ ကသာနယ် မန်လည်မြို့သို့ရောက်၍ မာန်လည်ဆရာတော်ကြီးထံ တနှစ်နီးပါး ဆည်းကပ်နေထိုင်ခဲ့သည်။

ထို့နောက် မန္တလေး မစိုးရိမ်တိုက်သို့ရောက်၍ ဆရာတော် ရှင်သောမာသီရိ ထံတွင် ကိုးဝါမှ ဆဲ့သုံးဝါအထိ ဂဏဝါစက စာချအဖြစ်ဖြင့်နေစဉ် ပါဠိဘာသာဖြင့် ပဒသင်္ဂဟကျမ်းကို ရေးသားခဲ့သည်။

တဖန် မော်လမြိုင်မြို့သို့ရောက်ပြန်၍ကြံခင်းကျောင်း၌ မဟာနာယကအဖြစ် စာချ၍ နေစဉ်၊ မိလိန္ဒပညှာနိဿယ နှင့် ပဒသင်္ဂဟနိဿယတို့ကိုရေးသားခဲ့သည်။ ထိုစဉ်အခါ ဆဲ့လေးဝါတွင် ဖခင်ကြီး ကွယ်လွန်အနိစ္စရောက်သည်။

၁၂၇၆ ခုနှစ် ဝါဆိုဦးတွင် နောက်ပါသံဃာ၅၀ ကျော်နှင့် ရန်ကုန်မြို့သို့ရောက်၍ ပုဇွန်တောင် တောင်လုံးပြန် သုဿန်ဟောင်း၌ “အရှင်အာဒီစ္စဝံသကျောင်းတိုက်”အမည်ဖြင့် စာသင်တိုက် စတင်တည်ထောင်ခဲ့သည်။

၁၂၈၀ ပြည်နှစ် အစိုးရ ပဌမပြန် စာမေးပွဲ၍ရှင်သေဋ္ဌိလပဌမကျော်အောင်ခဲ့သည်။ ဆာဘိုးသာ စသော ဒါယကာတို့နှင့် သဘောထားကွဲလွဲသဖြင့် အောင်ပွဲမလုပ်ဖြစ်။ထိုအကြောင်းကို “ပဌမကျော်အရေးတော်ပုံ” စာအုပ်ရေးသား၍ မှတ်တမ်းတင်ခဲ့သည်။

၁၂၈၀ ပြည့်နှစ် ရဟန်းဆဲ့ခုနှစ်ဝါတွင်ဘာသန္တရကို သင်ယူရန် အန္ဒိယ၊ သီဟိုဠ်၊ အင်္ဂလန်တို့သို့သွား၍၊ ကိုးနှစ်ကျော် ဘာသန္တရကို သင်ယူခဲ့သည်။ အင်္ဂလိပ်၊ ဟိန္ဒီ၊ ဗင်္ဂါလီ၊ ဂုရုမုခီ၊ အူရဒူ၊ဂျပန်ဘာသာတို့ကို တတ်မြောက်၍ ပြင်သစ်၊က္ကတလီစသော နိုင်ငံများသို့ လှည့်လည်ပြီးလျင် ၁၂၉၀ပြည်နှစ် နယုန်လဆုတ် ၇ ရက်နေ့ မြန်မာနိုင်သို့ ပြန်ရောက်သည်။

ပြန်ရောက်သောအခါအရှင်အာဒိစ္စဝံသကျောင်းတိုက်တွင် မူလရှိရင်းစာသင်တိုက်အပြင် အစိုးရအထောက်ပံ့ခံ အထက်တန်းကျောင်း၊အင်္ဂလိပ်စာ အလွတ်ပညာသင်ကျောင်းတို့ကို တိုးချဲ့ဖွင့်လှစ်သည်။ ရဟန်းတော်တို့ ဘာသာသန္တရသင်ကြားရေးကိုလည်းစတင်ကြွေးကြော်ခဲ့သည်။

၁၂၉၃ ခုနှစ်တွင်အသောကမင်းတရားကြီးကျောက်စာတို့ကို မြန်မာဘာသာပြန်ဆို၍ “ အသောကကျောက်စာတော်ကျမ်း” ကိုရေးသားခဲ့သည်။ယင်းကျမ်းကား ရန်ကုန်တက္ကသိုလ်က ဝေလမင်းသား ဆုတော်ငွေတထောင်ဖြင့် ခြီးမြှင့်ခြင်းကိုခံရသောကျမ်းဖြစ်သည်။

ထိုနောက် ဘာသန္တရသင်ကြားရေးကြွေးကြော်သံလည်း ပိုမိုပြင်းထန်လာသည်။ ကန့်ကွက်သူတို့ ကလည်း အပြင်းအထန် ကန့်ကွက်လာကြသည်။ထိုအခါ ရဟန်းတော်တို့ ဘာသန္တရသင်ကြားသင့် မသင်ကြား သင့် ငြင်းခုံသော ပဌမအကြိမ်ဝိဝါဒဓိကရုဏ်းကြီးဖြစ်ပေါ်လာသည်။တသာသနာလုံး တုန်လှုပ်ချောက်ချား၍ တကမ္ဘာလုံး ကျော်ကြားသွားသည်။

ဘာသန္တရမသင်ကြားသင့်သောဖက်မှရန်ကုနမြို့ဘုရာဖြူဆရာတော် ရှင်ရာဇိန္ဒက “ လောကာယတာဒိ ဝိနိစ္ဆယကျမ်း” ကိုရေးသား၍ ကန့်ကွက်ခဲ့သည်။

သင်ကြားသင့်သောဖက်မှရှင်အာဒိစ္စဝံသက “ဘာသန္တရလမ်းညွှန်ကျမ်း”ကိုရေးသား၍ ဖြေရှင်းခဲ့သည်။

ထိုနောက် ရှင်အာဒိစ္စဝံသသည်ပင် ရဟန်းသံဃာချင်းချင်း ဖြစ်သော မှုခင်းကိစ္စတို့ကို လူရုံးသို့ရောက်၍၊ လူဥပဒေဖြင့်မဆုံးဖြတ်ရန် ဝိနယဓရဥပဒေကို ရေးသား၍ ကြွေးကြော်ပြန်သည်။ အစည်းဝေး ပြုလုပ် ဆုံးဖြတ်ကြသည်။ကန့်ကွက်သူတို့လည်း အကြီးအကျယ် ကန့်ကွက်ကြပြန်သည်။

ထိုအခါ ရဟန်းတော်တို့အတွက် ဥပဒေပြဋ္ဌာန်းသင့်၊ မပြဋ္ဌာန်းသင့် ငြင်းခုံသော ဒုတိယအကြိမ် ဝိဝါဓိကရုဏ်းကြီးဖြစ်လာပြန်သည်။တသာသနာလုံး တုန်လှုပ်ချောက်ချား၍ တကမ္ဘာလုံး ကျော်ကြားသွားပြန်သည်။

ဥပဒေပြဋ္ဌာန်းသင့်သောဖက်မှ ရှင်အာဒိစ္စဝံသက “ဓမ္မဝိနယပြန်ထမ်း” ကို ရေးသား၍ ဖြေရှင်းခဲ့သည်။

ထိုနောက် ရှင်အာဒိစ္စဝံသသည်ပင် သာသနာနှစ်ပေါင်း ၁၀၀၀ ကျော်လောက်က အဆက်ပြတ်လာ၍ ပျောက်ဆုံးသွားသော ဘိက္ခုနီသာသနာကိုဖော်ထုတ်ရန် “ဘိက္ခုနီသာသနော့ပဒေသကျမ်း” ကို ရေးသားပြန်သည်။ ကြေးကြော်သံလည်း ပိုမိုကျယ်လောင်စွာကြွေးကြော်ပြန်သည်။ ကန့်ကွက်သူတို့လည်း အပြင်းထန်ဆုံး ကန့်ကွက်လာကြပြန်သည်။

ထိုအခါ ဘိက္ခုနီသာသနာဖော်ထုတ်သင့် မဖော်ထုတ်သင့် ငြင်းခုံသော တတိယအကြိမ် ဝိဝါဒါဓိကရုဏ်းကြီး ပေါ်လာပြန်သည်။ယခင် အဓိကရုဏ်းကြီး နှစ်ခုထက် ကြီးကျယ်သဖြင့် တပြည်လုံး တသာသနာလုံးတုန်လှုပ်ချောက်ချားလျက်တကမ္ဘာလုံးကျော်ကြားသွားပြန်သည်။

ကန့်ကွက်သူတို့သည်ဘိက္ခုနီသာသနာ ဖော်ထုတ်သင့် မဖော်ထုတ်သင့် ဟူသော မူလဖြစ်ရင်း အဓိကရုဏ်းကြီးကို အရေးမယူပဲ၊“ ဘိက္ခုနီသာသနောပဒေသကျမ်း” နိဒါန်း စာမျက်နှာ ၂၄ – ၂၆ တွင် ပါရှိသော စကားတို့ကိုအရေးယူကာရန်ကုန်မြို့ ကြည်မြင့်တိုင် ဗားဂရာတိုက်ဆရာတော် ရှင်ပဒုမ၊ သာဓုတိုက်ဆရာတော် ရှင်ပညာသာမိစသော ဆရာတော် ၂၄ ပါးနှင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို၊ ဂဠုန်ဦးစော၊ဆရာလင်း၊ ဆရာရိပ်စသော လူဒါယကာ ၂၃ဦးတို့ ကြီးမှုးလျက်ပရိသတ် ၅၀၀၀ ခန့် တက်ရောက်၍ ၁၂၉၇ခုနှစ် တော်သလင်းလဆန်း ၁ရက် တနင်္ဂနွေနေ့တွင် ဂျုဗလီဟောရုံကြီး၌ ရှင်အာဒိစ္စဝံသ အား ပကာသနိယကံနှင့်အပ္ပဿဒပဝေဒနိယကံ တို့ကို ပြုကြသည်။

ပကာသနိယကံနှင့် အပ္ပဿဒပဝေဒနိယကံပြုသောဖက်က စာမျက်နှာ ၄၆ ရှိ စာအုပ်ငယ်ကိုရေးသား ဖြေရှင်းခဲ့သည်။

ရှင်အာဒိစ္စဝံသက “ဘိက္ခုနီအရေးတော်ပုံ”စာအုပ်ကြီးကို ရေးသား၍ ဖြေရှင်းခဲ့သည်။

ရှင်အာဒိစ္စဝံသမှာပကာသနိယကံနှင့် အပ္ပဿဒပဝေဒနိယကံ အပြုခံရသော်လည်း ယခင်အတိုင်း စာချမြဲချလျက် စာရေးမြဲရေးလျက်ပင်နေသည်။

၁၂၉၃ ခုနှစ် နယုန်လအထိရေးသားပြီးစီးသောကျမ်းပေါင်း ၆၀ ၏ အမည်စာရင်းကို အာသောကကျောက်စာတော်ကျမ်း အဆုံး ကိုယ်တိုင်ရေးသားသော  အတ္ထုပ္ပတ္တိ၌ ပြဆိုလျက်ရှိသည်။

ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာသောအခါ၌လည်းအရပ်တပါးတို့ တိမ်းရှောင်ခြင်းမရှိ၊ မိမိကျောင်းတိုက်၌ပင် နေ၍ စာပေပို့ချခြင်း၊ ကျမ်းစာရေးသားခြင်းတို့ဖြင့်သာသနာ့ဝန်ကို ဆောင်ရွက်လျက် ရှိသည်။

၁၃၀၄ ခုနှစ် ဝါဆိုလဆုတ်၁၄ ရက်နေ့ အသက် ၆၀ တွင် ရဟန်းဇာတ်သိမ်း၍ လူအဖြစ်သို့ရောက်သည်။ အမည်ကား ဦးအောင်မြတ်ထွတ်ဖြစ်၏။ ထိုနောက် ဒေါ်ငွေတင့်နှင့် အိမ်ထောင်ပြုကာ ကျောက်မြောင်းရပ်ကွက် ဘယသုဒ္ဓိလမ်းဇနီးနေအိမ်၌နေသည်။ လူမှုကိစ္စ စီးပွားရေးကို မဆောင်ရွက်ပဲ ကွယ်ကွန်သည်တိုင်အောင် စာပေပို့ချခြင်း၊ကျမ်းစာရေးသားခြင်း အလုပ်တို့ဖြင့်သာ အချိန်ကုန်ခဲ့သည်။ ဆရာကြီး၏ စားဝတ်နေရေးအတွက်ဇနီးဖြစ်သူ ဒေါ်ငွေတင့်က အစစအရာရာတာဝန်ယူ၍ ပြုစုလုပ်ကျွေးသည်။

၁၃၁၃ ခုနှစ် ဝါခေါင်လဆုတ်၎ ရက်နေ့ အသက် ၇၀ တွင် ကွယ်လွန်အနိစ္စရောက်သည်။ ရုပ်ကလာပ်ကို အရှင် အာဒိစ္စဝံသကျောင်းတိုက်သို့ယူ၍ ငါးရက်ထားပြီး လျှင် သင်္ဂြိုဟ်ကြသည်။

`        အရှင် အာဒိစ္စဝံသကားဇွဲလုံ့လအလွန်ကောင်းသည်။ ကျမ်းပေါင်းများစွာ ရေးသားခဲ့သည်။ အထူးအားဖြင့် အကြည့်အရှုအသင်ကြားနည်းပါး၍ ကျမ်းအိပ်ဟု သမုတ်သော နိကာယ်ကြီးငါးရပ်ကို တသက်ပတ်လုံး ကွယ်လွန်သည်အထိ အခေါက်ပေါင်းများစွာပို့ချခဲ့သည်။ တခေါက်လျှင် ခြောက်လဖြင့် အပြီးပို့ချသည်။ ဦးကြီးဖေ

 

အာဒိစ္စဝံသ၊ရှင် (မြန်မာ ၁၂၄၄- ၁၃၁၃)

မြန်မာ့စွယ်စုံကျမ်း၊အတွဲ ၁၄ (ဟိုက်- ဥ)

စာမျက်နှာ၃၄၂ – ၃၄၅

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s