သာသနာ့ရေသောက်မြစ်ကြီး အရေး အပိုင်း ၁

မုခစာအုပ်တွင် တောင်လုပ်မြောက်လုပ်လုပ်နေစဉ် ကျွန်တော်လေးစားရသော ဓမ္မအကိုကြီးဖြစ်တဲ့ ကိုဝိ (Vimuttisukha Bliss) က သူတင်ထားတဲ့ ပိုစ့် ကိုဖတ်ပြီး ၀ိုင်းဝန်းအဖြေရှာရန် ပြောလာပါတယ်။ ကိစ္စက  အကျဉ်းပြောရင် ပြဿနာနှစ်ခု-

ပထမတစ်ခုက ဆရာတော်ကြီးတွေ ဓမ္မဒူတခရီး ဟိုသွားဒီသွားကို အင်တာနက် စာမျက်နှာပေါ် နဲ့ ပြင်ပ မီဒီယာများတွင် သတင်းအချက်အလက်များ ပါသော်လည်း သာသနာ့ အခြေခံအုတ်မြစ် ပရိတ္တိစာပေသင်ကြားပေးနေရသော ဂန၀ါစက ဓမ္မကထိက စာချ ဆရာတော်များတော်များအကြောင်း ဘဇာကြောင့် ရှာဖွေရန် ခက်ခဲသနည်း။

ဒုတိယက မိဘမဲ့ ကလေး ကျောင်း စာသင်မုန့်ကျွေး ပညာပေးတာကို ပရဟိတ ဟုခေါ်ဆိုပြီး ဘဇာကြောင့် စာသင်တိုက်များရှိ ကိုရင် ဦးဇင်း သံဃာတော်များကို စာသင်စာချပေးခြင်းအမူကို ဘဇာကြောင့် ပရဟိတဟူ မခေါ်ကြသနည်း ထောက်ပံချီးမြင့်ရန် ၀န်လေးသနည်း။

ဒီမေးခွန်းနှစ်ခု ဘာမှားနေသလဲ ထေရဝါဒဗုဒ္ဓသာသနာ နေလို လလို ထွန်းလင်းပါတယ်ဆိုတဲ့ မြန်မာပြည် ကံနဲ့ မလှူ ဥာဏ်တဲ့ လှူပါတယ် ဆိုတဲ့ မြန်မာပြည် သာသနာရေး တွင် ဒီကိစ္စတွေ အမှန်တကယ်ကို ဖြစ်နေပါပြီ။ ဘာလုပ်ရမည်နည်း။

မောင်ဥဂ္ဂါ ဆိုတဲ့ ကောင်ကလည်း ဘာသာရေးကို တကယ်တမ်း ကျင့်ကြံအားထုတ်နေသူလည်းမဟုတ် ဓမ္မစာတိုပေစ အနည်းအကျဉ်းလောက်ဖတ်ဖူးသူ။ ပရိယတ္တိနဲ့ ပတ်သက်ရင်လည်း အဘိဓမ္မာသင်တန်းကို အစလောက်တက်ဖူးသူ ဒီလောက်ထက်မပို။ သို့သော် အထက်မှာဖြစ်နေတဲ့ ကိစ္စရပ်တွေ ကျွန်တော်တို့ ရွှေပြည်ကြီးမှာ တကယ်တမ်းဖြစ်နေတာကို တော့ သိပါတယ်။ ဒါကြောင့် ဘာကြောင့်ဖြစ်နေလဲ ဆိုတာကို ဖြုတ်ဦးနှောက်နဲ့ ဥာဏ်မီသလောက် ရေးသားခြင်းသာဖြစ်ပါတယ်။ လိုအပ်သည်များ မှားယွင်း ကောက်ချက်ဆွဲမူများရှိခဲ့ရင် ဘယ်သူမျက်နှာမှမကြည်ပဲ သာသနာမျက်နှာတစ်ခုထဲကို ကြည့်၍ ဝေဖန်ညွန်ပြပေးပါခင်ဗျာ။

ပထမကိစ္စက မီဒီယာကိစ္စလိုမြင်ပါတယ်။ မီဒီယာကမြန်မာပြည်မှာ အဓိကပြောရင် အစိုးရမီဒီယာ၊ ပုဂ္ဂလိကမီဒီယာ၊ နောက် ဘလော့ဂါတွေ စီဂျေတွေဖြစ်တဲ့ တတိယ မိဒီယာ သုံးခုရှိတယ်လို့ ကျနော်ထင်ပါတယ်။ အစိုးရမီဒီယာက များသောအားဖြင့် ၀ါဒဖြန့်တာကိုလုပ်တယ်။ ပုဂ္ဂလိက မီဒီယာ က တော့ ကြော်ညာတာနဲ့ လူထုစိတ်ဝင်စားရာ လက်ရှိဖြစ်နေတဲ့ Current Issue တွေ ကိုပဲ စိတ်ဝင်စားတယ်။ တတိယမီဒီယာကတော့  တစ်ဦးချင်းစီ တစ်ယောက်ချင်းစီမို့ ကိုယ်သန်ရာ ကိုယ်ရေးကြတယ် ဘာရေးတယ် ဆိုတာခွဲရခက် ပြောရခက်။

ပရိယတ္တိသည် သာသနာတော်ရဲ့ လမ်းပြမြေပုံဖြစ်တယ် အခြေခံဖြစ်တယ် သို့သော်….. သာသနာတော်ထွန်းလင်းပြောင်တဲ့ မီဒီယာ သုံးခုမှာ သာသနာရေး ကိစ္စ နဲ့ ပတ်သက်ပြီး ဆရာတော်တွေ ပြည်တွင်းပြည်ပ ဓမ္မဒူတ ခရီးစဉ်နဲ့ ပတ်သက်ပြီး ရေးကြသားကြတာတွေ များသည် စာသင်စာချ ဆရာတော်တွေ အကြောင်း အတော်နည်းပါလှသည်။ ဘာကြောင့်လဲ……………

မီဒီယာတွေမှာ စာသင်စာချ ဂန၀ါစက ဆရာတော်တွေ အကြောင်း ရေးသားမူနည်းပါတာ မြင်သာတဲ့ အကြောင်း မြင်သာတဲ့ အကြောင်း(ဒုက္ခ)ကို ပဲမြင်နေရင် အဖြေမတွေ မမြင်သာတဲ့အကြောင်း ဒီလိုဘာကြောင့်ဖြစ်လဲ အရင်းခံကြောင်း(သမုဒ္ဒယ) ကိုရှာမှ အဖြေ(နိရောဓ) နဲ့ ဖြေရှင်ရမဲ့ နည်းလမ်း(မဂ္ဂ) ကို တွေ့မယ်ထင်ပါတယ်။

မီဒီယာသဘောအရ လူစိတ်မ၀င်စားရင် မရေးတာမဖော်ပြတာ သဘာဝ မရေးရကောင်းလား ဆဲလို့ မဖြစ်။ သမုဒ္ဒယ (ပြဿနာအကြောင်းအရင်းခံ) ကိုကြည့်ရင် ပရိယတ္တိသာသနာ က လူုတွေနဲ့ ဝေးနေလို့ လူလောက ထဲ မစိမ့်ဝင်နိုင်လို့ ကြောင့်လို့ထင်ပါတယ်။ ဒီထက်နက်နက်တူးရင် ဘာကြောင့်ဒီလိုဖြစ်လဲ စဉ်းစားစရာပေါ်လာပြန်တယ်။

ကျနော်အထင် အစကိုပြန်ဆွဲထုတ်ရင် ပရိယတ္တိသာသနာ ကို မင်းနဲ့ပြည်သူအကြီးအကျယ်ထောက်ပံခဲ့ ချိန် ပဒေသရာဇ်ခေတ်စ စကြည့် ရမယ် ထင်ပါတယ်။ ဒီအချိန်က လူတွေ အတွက်ပညာရေးက ဘုန်းကြီးကျောင်း ပညာရေး ဘုရင်ဖြစ်မဲ့ မင်းညီမင်းသားက အစ ဘုန်းကြီးတွေ ကြိမ်လုံးအောက် က ထွက် လာသူတွေ ချည်း။ လူပညာရှိအတော်အများက လည်း လူပြန်တော်တွေ ပြည်သူပညာရေး အခန်းကဏ္ဍမှာ ဘုန်းတော်ကြီးတွေ။ ကျေးလက်နေ သာမန်အသည်သားတွေ တောင် အနည်းဆုံးတော့ သဒ္ဒါကြီး၊ သဂြိုဟ် လောက်တော့ သင်ဖူးတယ်။ ရဟန်းပညာရှိတွေလည်း လှိုင်လှိုင်ပေါခဲ့တယ်။ ပရိယတ္တိ စာချဆရာတော်တွေ ကို မင်းကော ပြည်သူက ပါ ဖူးဖူးမှုတ်ထားချိန်……..

ပဒေသရာဇ်ခေတ် ဇာတ်သိမ်း အင်္ဂလိပ်ကိုလိုနီခေတ်မှာ အင်္ဂလိပ်အစိုးရက သူနဲ့ အတူ အင်္ဂလိပ်ပညာရေးကို မြန်မာလူဘောင်ထဲ သွပ်သွင်းခဲ့တယ်။ ဒါပေမယ် နှစ်ပေါင်းရာချီ စွဲကျန်ခဲ့တဲ့ မြန်မာတို့ရဲ့ ပရိယတ္တိကို ချီးမြင့်တဲ့ စိတ်ထားကို အင်္ဂလိပ်တွေ မပျယ်ဖျက်နိုင်။ အင်္ဂလိပ်ခေတ် နိုင်ငံတကာ နဲ့ ပိုမိုကူးလူး ဆက်ဆံမှုကြောင့် အရှင်အာနန္ဒာမေတ္တယျ တို့လို ထေရ၀ါဒ နိုင်ငံခြားသား ဘုန်းတော်ကြီးတွေ တောင်ပေါ်ခဲ့ပြီး အနောက်တိုင်းကိုတောင် သာသနာဖြန်ချိနိုင်ခဲ့ပါတယ်။(မယာယန အနောက်တိုင်းကို ပျံနုံချိန်ထက် များစွာစောပါတယ်)။ လယ်တီဆရာတော်ကြီးကိုတောင် ပါရဂူဘွဲ့တွေ ဘာတွေ ချီမြင့်တဲ့ အထိကို ရှိတယ်။ ခရစ်ယာန်ဖြစ်ပြီး ပါဠိဘာသာပညာရှင်ဆရာကြီးဦးဖေမောင်တင် တို့တောင် ပေါ်ထွန်းခဲ့တယ်။ ၀ိသုဒ္ဒိမဂ်ကိုတောင် ဆရာကြီး ဘာသာပြန်လို့ ထိုင်းဘုရင်က ဆုတောင် ပေးသေးတယ်။ ဒီအချိန်ကိုကြည်ရင် ပရိယတ္တိမှာ မြန်မာပြည်ကို ဘယ်သူမှ မမှီခဲ့တာ ထင်ရှားတယ်။ ဒါက သာသနာရေးသက်သက်ပြောတာ။ လူမှုရေး လူထုမှာ ဖြစ်နေတာကို ပြန်ကြည်ရင် ဘုန်းတော်ကြီး သင်ပညာရေး ကို ပြည်သူတွေ အထင်သေးလာတယ် (အလုပ်အကိုင် အခွင့်လမ်း နည်းတာကြောင့် ဖြစ်မည်) မစ်ရှင်နရီကျောင်းတွေ ထားတာ လူမှုအဆင်တစ်ရပ်လိုမြင်လာတယ်။ ဘုန်းတော်ကြီး သင်ပညာရေး ကလည်း ခေတ်နဲ့ လိုက်လျောညီထွေစွာ update မလုပ်နိုင်။ ဘုန်းကြီးကျောင်းသား သူထောင်းစား အင်္ဂလိပ်ကျောင်းသား အကောင်းစား ဆိုတဲ့ စာချိုးတွေက ပြည်သူတွေ ကြား ပျံနုံခဲ့တယ်။ နိုင်ငံရေးနိုးကြားလာကာစ YMBA လို အသင်းမျိုးကလည်း ဘာသာရေးလုပ်မယ့်ပုံစံနဲ့ နိုင်ငံရေး ပြောင်းခဲ့တယ်။ တို့ဗမာအသင်းပေါ်လာတော့လည်း ဗမာစာကို ပြန်မြင့်တင်ခဲ့ပေမဲ့ လက်ဝဲစာပေ လေ့လာမှုများကြား ပရိယတ္တိကို လူထုထဲ ရောက်အောင် မလုပ်ပဲ မက်စ် လီနင် တို့သာ လူထုထဲ ရောက်လာတယ်။ လွတ်လပ်ရေးရပြီး သာသနာ ၂၅၀၀ ပြည့် သံင်္ဂါယနာ လုပ်တော့ ပရိယတ္တိ ပြန်အားကောင်းလာပြန်တယ် သို့သော် ပြည်သူတွေ ပရိယတ္တိကို လေ့လာဖို့ မဟုတ်တော့ပဲ ပရိယတ္တိ သာသနာကို ထိန်းသိမ်းစောင့်ရှောက်သူ သံဃာတော်တွေ ကို ထောက်ပံဖို့ လောက်ပဲ လုပ်နိုင်တော့တယ်။ ဒီအချိန်အထိ ကျေးလက်ဒေသတွေက ပြည်သူတွေ အနည်းဆုံး ဆယ်စောင် တွဲလောက်တော့ သင်ရတာမို့ ပြည်သူနဲ့တော့ သိပ်အလှမ်းမဝေးလှ။

ပြည်တွင်းစစ်ဖြစ်တော့ ပြည်သူတွေ အတွက်စာသင်ကျောင်းနေရာ ဘုန်းကြီးကျောင်းတွေ ၀င်လာပြန်တယ်။ ဒါတောင် ကွန်မြူနစ်ကြီးစိုးတဲ့ နေရာတွေ မှာ မက်စ် လီနင်သာရှိတယ်။

နောက်ပိုင်း မဆလ န၀တ နအဖ အခု ဒီမိုကရေစီလို့ပြောနေကြတဲ့ အစိုးရလက်ထက်မှာ  ပရိယတ္တိစာပေ လူထုထဲ ပျံနုံမှု က ပုံစံပြောင်းလာတယ်လို့ ပြောလိုရတယ် တရားပွဲတွေဖြစ်ထွန်းလာတယ် ပိဋိကတ်တွေ ကို ပြန်ဖွင့်ဆိုတဲ့ စာအုပ်တွေ များလာတယ်။ အရင်လို ဘုန်းတော်ကြီး ကျောင်းစာသွား သင်တာမျိုး မဟုတ်တော့ ပရိယတ္တိနဲ့ ပတ်သက်ပြီး သံဃာတော်နဲ့ ပြည်သူခြား စာအုပ်က တစ်ဆင့် မိုက်ခရိုဖုန်း ကတဆင့် သာထိတွေ့ခွင့်ရတော့တယ်။ ဒီလိုထိတွေတာလည်း စာချဆရာတော်က စာသင်သား သံဃာတော် ကို စာသင်တဲ့ နည်းတိုင်းမဟုတ်တော့ နည်းပြောင်းသွားတယ် အရင်က ဘုန်းကြီးကျောင်းသား (လူ) စာသင်သား(သံဃာ) အတူတူသင်ယူတာကနေ ဘုန်းကြီးသက်သက် လူသက်သက်ဖြစ်လာတယ်။ လူထုနဲ့ စာချဆရာတော်များကြား စတင်အလှမ်းကွာလာတာဖြစ်တယ်။

သို့သော် လူထုထဲ ပြည်သူလူထု တစ်ရပ်လုံးထဲ စိမ့်ဝင်မှု ကား အတော်နည်းတယ် ပြောရမယ်။ ကလေးသူငယ်တွေ အတွက် ဘာသာရေး အခြေပျိုးသင်တန်းတွေ ကလည်း ဘုရားအမည်၊ ဘုရားပွင့်တဲ့ နှစ်၊ စတဲ့ ဗဟုသုတ အချက်လောက်တာ များတယ်။ အချို့သင်တန်းများက နှလုံးသားထဲ ရောက်အောင်သင်ပေးနိုင်စွမ်းနည်းတယ်လို့ပြောရမယ်။ နှလုံးသားထဲရောက်အောင် နည်းလမ်းသစ်တွေ သုံးတဲ့ ဘုန်းဘုန်းအရှင်ဆေကိန္ဒလို သင်တန်းမျိုးကလည်း အတော်ရှားတယ်။ ဒီသင်တန်းတွေမှာလည်း သင်တန်းတတ်ပြီး နှလုံးသားမှာ ဘာသာတံဆိပ် မရိုက်နိုပ်နိုင်ပဲ တီဗီဂိမ်း၊ ရှပ်ရှင် သီချင်းများ နောက် လူငယ်တွေ ကောက်ကောက်ပါအောင် လိုက်ကြလေတယ်။ ထုံးစံအရ ကိုရင်ဝတ် သင်္ကန်းစီးရင်လည်း အိပ်လိုက် စားလိုက် နဲ့ အချိန်ကုန်ကြတယ်။ ဆရာတော်များကလည်း လူငယ်တွေ တစ်ရက်တစ်လေမို့ ကြောင့်ကြမဆိုက်တော့။ လူငယ်တွေကြားလည်း ဘာသာရေးက ဖာသိဖာသာဖြစ်လာတယ်။

စာသင်နည်းကလည်း ဟိုးအရင်နည်းလမ်းတွေထက် သိပ်မတိုးတတ်လာ တစ်လမ်းသွား မေးခွန်းထုတ် အတွန့်တတ်ခွင့်မရှိ။ အာဂုံရမှ အာဂလူ Mindset က စာချ သံဃာတော်များကြားမပျောက်။ တက္ကသိုလ် စာသင်နည်း အတိုင်းသင်သည် နိုင်ငံတော်ပရိယတ္တိတက္ကသိုလ်တွေ အပြည်ပြည်ဆိုင်ရာတကက္ကသိုလ်တွေ ပေါ်လာသော်လည်း ဒီကျောင်းက ဆရာတော်တွေ တင်သွင်းသည့် စာတမ်းတွေ ကို ပြည်သူတွေ စိတ်ဝင်စားသူ သာမန်လူတွေ လေ့လာနိုင်ရန် အခွင့်အလမ်းနည်းပါလှတယ်။ စာတမ်းတွေ မှာလည်း သာမန် လူပိန်း အသုံးချလို့ရတာမျိုး လူမှုဘ၀မှာ အသုံးဝင်တာမျိုး အတော်ရှားတယ်။ ပရိယတ္တိနဲ့ လူ လေ့လာသူတွေ ကြား ကွာဟလာပြန်တယ်။

ပရိယတ္တိအကျော်ဆရာတော်များအကြောင်း ကျမ်းကိုးကျမ်းကား များများရှိတဲ့ အမျိုးသားစာကြည်တိုက်မှာ အမူထမ်းသော ဆရာမောင်ဇေယျာ၊ရွှေဥသြ တို့လို ဆရာမျိုးက ပရိယတ္တိအတော်ဆရာတော်ကြီးတွေ အကြောင်း ရေးသားထားလို့ ကျနော်တို့လို့ လူပိန်းတွေ အဘယာရာမ ဆရာတော်ကြီး အရှင်အဂ္ဂဓမ္မ၊ဆရာတော်ဦးရေ၀တဓမ္မ၊ အရှင်အာဒ္ဒီစ၀ံသ၊ တို့လို ဆရာတော်တွေအကြောင်းသိရတယ်။ ဒါတောင်စိတ်မ၀င်စားသူတွေ မသိ။

နောက် ကွန်လွန်ဘဘဦးထိန်ဝင်း(သခင်ထိန်ဝင်း) တောင်းပန်လျှောက်ထားတဲ့  ကောင်းမူကြောင့် မြောင်းမြ ပစ္စတာရုံဆရာတော်ကြီး၊ ဒီဆရာတော် ကြီး တပည့် မှော်ဘီသာသနာဝင်ဆောင်ဆရာတော်ကြီး၊ သပြေကန်ဆရာတော်ကြီး တို့ ရဲ့ စာအုပ်တွေ ကို များများစားစားဖတ်ခွင့်ရှိလာတယ်။ သို့သော် အတော်လေး ဘာသာရေးစိတ်ဝင်စားမှ ဖတ်ဖြစ်ကြတယ်။

နောက်ဆုံးပြောချင်တာက ပရိယတ္တိနဲ့ ပြည်သူနဲ့ အလှမ်းကွာလာတယ်။ ပရိယတ္တိထဲ ရတနာတွေ ရှိမှန်း ပြည်သူတွေ မသိကြတော့ ဒီရတနာတွေ ထိမ်းသိမ်တဲ့ သာသနာဝန်ဆောင်နေကြတဲ့ စာသင်စာချ ဂန၀ါစက ဆရာတော်တွေ ကို ထောက်ပံရကောင်းမှန်း မသိတော့။ ပရိပတ်အလုပ်ဖြစ်တဲ့ တရားအားထုတ်မူကို လူတွေ ပိုစိတ်ဝင်စားကြတယ်။ ဘုရားတည်ကျောင်းဆောက် ၀ါဒနာပါကြတယ်။ နာမည်ကြီးမှ ကိုးကွယ်ချင်တဲ့ လူသဘာဝအတိုင်း နာမည်ကြီး တရားဟော တရားပြ ဆရာတော်ကြီးတွေ ကို ပိုကိုးကွယ် ချင်ကြတယ်။ ရေများရာမိုးရွာချတော့တယ်။

ပရိယတ္တိဝန်ဆောင်ဆရာတော်တွေမှာ ရွှေကျောင်းပြောင်ပြောင်တွင်ဝမ်းခေါင်ကြတော့တယ်။ ကျနော်ကြား ကိုယ်တိုင်ကြုံတဲ့ အဖြစ်ပျက်တစ်ခုက ပခုက္ကုစာသင်တိုက်တွေက အချိုစာသင်သား ကိုရင်တွေ ခေါင်းရိတ်ဖို့ ဘရိတ်ဓားတောင်ရရှိရန် ရှားပါးတယ်။ သာသနာရေသောက်မြစ် ပရိယတ္တိမြစ်ကြီး ဖြတ်တောက်ခဲ့ရင် ခရီးဆုံးပန်းတိုင် ပရိဝေဒ ကို ရောက်တော့မယ်မထင်။ မြန်မာသံဃာဘောင်အတွင်း တစ်ကျောင်းနဲ့ တစ်ကျောင်း ချိတ်ဆက်ဖို့ကား အားနည်းသည် ရေများတဲ့ ကျောင်းက ရေနည်းတဲ့ ကျောင်းကို ရေမျှ ရန် ကောင်းမွန်တဲ့ စနစ်မရှိ၊ စာသင်သားတွေ ကို စာဖြေသံဃာတွေ ကို စာပေပရိယတ်ကို ပပျက်လေ့လာနိုင် အောင် အားပေးနိုင်တွန်း တဲ့ ဒကာ ဒကာမ နည်းပါးတယ်။ စာဖြေသူ စာသင်သား သင်္ကန်းညစ်ညစ်နဲ့ ဗုဒ္ဓသာသနာကို အခြေခံကျကျပြောပေးဖို့ မီဒီယာတွေ မလုပ်။ ဘာသာရေးမဂ္ဂဇင်းများမှာလည်း ၀ိပဿနာ တရားစခန်း၊ အကြောင်းတွေ သာများတယ်။ ပရိယတ္တိဝန်ဆောင်သံဃာတွေ အကြောင်း သတင်း အချက်အလက် စုဆောင်းဖော်ပြခြင်းနည်းသည်။ ဒီတိုင်းနေရင် တတ်မြက်တဲ့ စာချဆရာတော်သံဃာတော်တွေ ပုထုဇဉ်မို့ လာဒ်လာဘ ပေါများရာ သို့လိုက်ပြီး စာချဆရာတော်များ ရှားပါးလာရင် ခက်ရချီရဲ့။ ပရိယတ္တိရေသောက်မြစ် မစီးဆင်းနိုင်မှာ စိုးကြောက်ပါ၏။

ဆက်ရန်ကျန်သေးသည်။( အိပ်ချင်လာလို့ ခဏနားမည်)

ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းကို နဲနဲဖြေပြီးပြီထင်တယ် လူမှုအဆောက်အအုံပိုင်း နောက်မှဆက်ပါမယ် ကိုဝိရေ………………………

မောင်ဥဂ္ဂါ

ဟိမ၀န္တာတောင်ခြေ

မိဂဒါဝုန်အင်စတီကျု

တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ ၁၃ရ၃ ခုနှစ်

ည ၂ နာရီ ၂၈ မိနစ်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s