သာသနာ့ရေသောက်မြစ်ကြီး အရေး အပိုင်း ၃

 

ပရိယတ္တိ သာသနာတော်အကြောင်းရေးရင်းရေးရင်း ဖေဘုတ်က ကွန်မန့်တွေကို ကြည့် ရင်း ရေးရတာ အားရပါတယ်။ အမြင်တွေ ဘယ်လိုပင်ကွဲကွဲ သာသနာတော်ကို ရေရှည်တည်တံစေချင်တာ လူတိုင်းပါပဲ။ ရှုမြင်တာ မတူလို့ အမြင် ယူဆပုံလည်း ကွဲလာကြတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စလေးကို အရေးတယူရှိပြီး ဝေဖန်ပေးကြတော့ ကျေးဇူးတင်ပါတယ်။

အခုအပိုင်းက နောက်ဆုံးပိုင်းပါ စိတ်ယဉ်ကျေးမူပိုင်း ဘာသာရေးကိစ္စမှာ တလွဲ ဆံပင်ကောင်းတာတွေ တတ်သလောက် မှတ်သလောက်ရေး ရေးသွားပါမယ်။ကျနော်ရဲ့ အတ္တမနောဟိ မကင်းတာမို့ အမှားပါရင် ဝေဖန်ပေးကြဖို့ လည်းမျှော်လင့်ပါတယ်။

မောင်ကြီးတစ္ဆောကြောက်တယ်

တစ်ခါက ဖတ်ဖူးတဲ့ မြန်မာနိုင်ငံရဲ့ ပတ်သတ်တဲ့ ယဉ်ကျေးမူ မနုဿဗေဒဆိုင်ရာ ကျမ်းတစ်ခုအကြောင်း ဆရာတစ်ယောက်ဆီကနေ ကြားဖူးပါတယ်။ ဒီကျမ်းက ဗြိတိသျှ လူမျိုးတစ်ယောက်ရေးထားတာပါ။ လူမျိုးခြားဆိုပေမဲ့ ပညာရပ်ဆိုင်အမြင်နဲ့ သေသေချာချာ စစ်တမ်းထုတ်ပြီး ရေးထားတာ။ ဒီအထဲက ဆရာပြောဖူးတဲ့ အကြောင်းက မြန်မာလူမျိုးတွေ ဟာ ဘုရားမှာ ဆုတောင်းရင် နိဗ္ဗာန်မဂ်ဖိုလ် ရဖို့ ဆုတောင်းတယ်။ ဒါပေမယ့် နောက်ဘ၀ ဘာဖြစ်ချင်လဲ မေးတော့ နတ်ဖြစ်ချင်သူနဲ့ ဗြဟ္မာဖြစ်ချင်သူနဲ့ လူပြန်ဖြစ်ချင်သူတွေများတယ် လူဖြစ်ရင် ရဟန်းပြုချင်သလားဆိုတော့ ပြုချင်ပါတယ်ဆိုတဲ့ သူက ၅ ရာခိုင်နူန်းပဲ ရှိသတဲ့။ ဆရာကဒါကိုပြောပြတော့ ကျနော် ဦးပုည တေးတပ် တစ်ပုဒ်က မောင်ကြီး တစ္ဆောကြောက်တယ်ဆိုတာကို သွားသတိရမိသေး။ ကျနော်တို့တွေဟာ နိဗ္ဗာန်ကို လိုချင်ပေမဲ့ တစ္ဆောကြောက်သူက များသားကိုး။

ကံကြောင့် သတဲ့လား

ပရိယတ္တိ စာသင်တိုက်တွေ ချိုတဲ့တာ မလောက်ဌတာ အခက်ခဲတွေနေတာ ကံကြောင့်လား။ ကံကြောင့်လည်း အကြောင်းအရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ သို့သော် ကံကြောင့်မဟုတ်ပဲ ချိုတဲ့ နေရတာတွေ ရှိပါတယ် ကံစိတ်ဥတု အဟာရ အကြောင်း တရား လေးပါး ညီညွတ်မှ အလုပ်ဖြစ်မယ်မလား။ ကံဆိုတာ ကောင်းတယ်ထားအုန်း စိတ် လိုပြောနိုင်တဲ့ လူတွေရဲ့ သဘောထားအမြင်တွေ ဥတုလို့ ပြောနိုင်တဲ့ ပတ်ဝန်းကျင် အခြေအနေတွေ အဟာရလိုပြောနိုင်တဲ့ ထောက်ပံမူတွေ ကို ဥာဏ်နဲ့ မယှဉ်ရင် အလုပ်မဖြစ်ဘူးလို့ ထင်ပါတယ်။ နောက် ကျနော်တို့ ဗုဒ္ဓဘာသာက ကံထက် ဥာဏ်ကို အဓိကထားတယ် မဟုတ်လား။ ဒါကြောင့် ဥာဏ်နဲ့ လှူတယ်ဆိုပြီးတောင် ပြောကြသေး။ပြောပြီး ပြောတဲ့အတိုင်း လုပ်ဖို့တော့ လိုနေပါပြီ။

အထိမခံ ရွှေပန်းကန်

စာအုပ်တွေထဲမှာ ဗုဒ္ဓဘာသာဟာ ၀ိဘဇ္ဇ၀ါဒ တရားဂုဏ်တော်တွေမှာကော ကြိုက်တဲ့ သူ ကြိုက်သလိုစမ်း ဘယ်ဘက် က စမ်းစမ်း ညာဘက်က စမ်းစမ်း ကုံလုံပြည်စုံပြီးသားလို့ ပြောထားပေမဲ့။ နဲနဲလေး စမ်းမိရင် အဓမ္မ၀ါဒီ ဘာညာဝါဒီ ပြောနေကြတာ သိမှာပါ။ ဒါကိုကြောက်လို့ ကောင်းကောင်း မတွေးရဲတဲ့ သူတွေအများကြီး။ မမေးရဲ့တဲ့ သူတွေ အများကြီး။ မရေးရဲတဲ့ သူတွေ အများကြီး။ တွေးရဲ ရေးရဲ မေးရဲလို့ မြောင်းထဲ ရောက်သွားသူတွေလည်း အများကြီး။ အနော်ကတော့ ကြောက်ပါတယ်။

လူမူရေးနဲ့ ချိတ်ဆက်ရန်

ဗုဒ္ဓဘာသာကို ခေတ်အမြင်နဲ့ ရူမြင်ပြီး ရေးသားထားချက်တွေက အတော်နည်းပါတယ် နောက် လူမူဘ၀ မှာ လက်တွေ့ အသုံးချလို့ ရအောင် ရေးတာဆိုလည်း အတော်နည်းပါတယ်။ ဗုဒ္ဓတရားတော်များဟာ ဧကရသ နိဗ္ဗာန်ကို ရှေးရူပေမဲ့ လောကီအကျိုးစီပွားရရာရကြောင်းတွေ အတော်အများပါပါတယ်။ နိုဗယ်ဆုရှင် ရှုးမေကာရေးတဲ့ Small is Beautiful ဆိုတဲ့ စာအုပ်ဆို စာရေးသူကိုယ်တိုင် မြန်မာပြည်လာပြီး မြန်မာ့ဗုဒ္ဓဘာသာလူမူဘ၀ ကိုလေ့လာပြီး ရေးသားထားတာပါ။ ကျနော်တို့ ကတော့ အဲဒါ ငါတို့မြန်မာပြည် က အတွေးခေါ်ရပြီး ရေးတာလို့ ပြောပြီး ဂုဏ်ယူယုံမှတပါး သူလို စာအုပ်မျိုး ပြုစုမဲ့သူရှားမှရှား ပါပဲ။ မလေးရှားမှာဆို Ksi. Dhammananda ရဲ့ Human life and problems က နာမည်ကြီးပါတယ်။ ထိုင်းမှာဆို ဘိက္ခုဗုဒ္ဓဒါဒရဲ့ Dhammi Socialist ဆိုတာ နာမည်ကြီးပါတယ်။ နောက် ဆုလပ် ရဲ့ Socially Engaged Buddhist ဆိုတာနာမည်ကြီးပါတယ်။ ကျနော်တို့ ဆီမှာတော့ ဦးရွှေအောင်ရဲ့ စာအုပ်တွေရှိတယ် (နောက်ရှိရင်လည်း ရှိမယ် ကျနော်လေ့လာတာ အားနည်းတာကြောင့်လည်း ဖြစ်မှာပါ)။ မဟာယန စာအုပ်တွေဆိုတာတော့ ပြောမနေနဲ့ လူမူရေးနဲ့ ပတ်သတ်တာ အကုန်ပါတယ်။ စာအုပ်တင်ရေးတာလားဆိုတော့လည်း မဟုတ်ဘူး။

ထိုင်းနဲ့ ကမ္ဘောဒီယားမှာဆို အော်ဂင်းနစ် အစားစာတွေ စားဖို့ ကို ရဟန်းတော်တွေ က စခဲ့တယ်။ အသင့်အစားစာတွေ အော်ဂင်နစ်မဟုတ်တဲ့ အစားစာတွေ မဟုတ်ရင် အလှူမခံဘူးဆိုပဲ။ ( မြန်မာပြည် မှတော့ Fast Foods ကို ဘုန်းဘုန်းတော်တော်များများကြိုက်ကြတယ်)

ထိုင်းရဟန်းတော်တွေဆောင်ရွက်မူကြောင့် ထိုင်းရဲ့ AIDS HIV ဖြစ်ပွားနှုန်းက တစ်ဝက်လောက် လျော့ကျသွားတယ်။ ကမ္ဘောဒီယားမှာ မဟာဂေါစနန္ဒ က ငြိမ်းချမ်းရေးအတွက် ထိုင်းကနေ ကမ္ဘာဒီယားကို လမ်းလျောက်ခဲ့ပါတယ်။ ဒါ ထေရ၀ါဒရဟန်းတော်တွေပါ။ ထေရ၀ါဒ အစစ်လား အတုလား ကျနော်မသိပါ။

ကျနော်တို့ တိုင်းပြည်မှာကော ဒါမျိုးတွေ မရှိဘူးလားဆိုတော့ ရှိပါတယ်။ ဒါပေသိ နိုင်ငံ နဲ့ လုပ်သူနဲ့ မမျှပါ။ အရှေ့တောင်အာရှမှာကော တစ်ကမ္ဘာလုံးမှာကော ဘိက္ခုနီသာသနာပြန်စ သင့်ပါတယ် ပထမဆုံး ပြောခဲ့ သူက အရှင်အာဒ္ဒိစ၀ံသပါ ( လယ်တီဆရာတော်ကြီးရဲ့ နိုင်ငံခြားပြဿနာအမေးအဖြေ စာအုပ်ပါ ဖြေကြားချက်ကို အဓိကထားပြီး ဘိက္ခုနီဝိသောဒနီ နဲ့ ဘိက္ခုနီ အရေးတော်ပုံကျမ်းကို ရေးခဲ့ ပါတယ်- ၁၉၁၂ ခုနှစ်လောက်ကပါ) ဒီကျမ်းအရေး ကောင်းလို့ ဂျူဗလီဟော မှာ ဆော်ပလော်တီးခံရပြီး စိတ်ညစ်ကာ လူထွက်သွားတဲ့ ပညာရှိကြီးပါ။ သူတပည်က ကမ္ဘာသာသနာပြု အရှင်သေဌိလ ပါ။ (ထိုင်းက ဘိက္ခုနီတို့ မသစ္စာဝါဒီ တို့ ထက် များစွာ များစွာ စောပါတယ်)

နောက် ဘုန်းဘုန်းဒေါက်တာဦးရေ၀တဓမ္မဆို ကမ္ဘာငြိမ်းချမ်းရေးအတွက် ကုလသမဂ္ဂ အထိ စာတမ်း တင်သွင်းခဲ့တဲ့ ဆရာတော်ကြီးပါ။

နောက်လည်းရှိပါသေးတယ် ဒီလိုတွေ ရှိပေမဲ့ လူတွေ သိပ်မသိကြ။ တစ်ဦးကောင်းတစ်ယောက် ကောင်းတာ တစ်တိုင်းပြည်းလုံး သဘောမဆောင်ပါဘူး။ တစ်တိုင်းပြည်လုံး ဒီလိုတွေလုပ်ရမယ်ပြောတ မဟုတ်ပေမဲ့ ဒီလို လုပ်ခဲတဲ့ သူတွေ ကို လူတွေ များများသိအောင် လုပ်သင့်ပါတယ်။အခု ကျနော်ပြောသွားတဲ့ ဆရာတော်ကြီးတွေ က ပရိယတ္တိနဲ့ ပတ်သတ်လာရင် အကျော်ဇေယျ ဆရာတော်ကြီး တွေ ပါ။ ဒီဆရာတော်ကြီးတွေဟာ သူတို့ သိထားတဲ့ ပရိယတ္တိအသိ တွေနဲ့ လူမူနယ်ပယ်ထဲရောက်အောင် ကြံဆောင်ခဲ့ သူတွေ ပါ။ သို့သော် လူ အတော်အများ မေ့နေကြပါပြီ။

နုလုံးသားတံခါးလေးကို ဖွင့်ထားပါ

ကျနော် အိန္ဒိယ မြောက်ပိုင်း ဂျမူး နဲ့ ကတ်ရှမီးယားပြည်နယ်က လာဒါတ်ဒေသ ကိုသွားတော့။ လာဒါတ်မဟာဗောဓိ ရိပ်သာကိုရောက်ခဲ့ပါတယ်။ ဒီက ဆရာတော် Ven. Sanghasena နဲ့တွေ ခဲ့ပါတယ်။ လာဒါတ်ဒေသက သိတဲ့ အတိုင်း တိဘက် အိန္ဒိယ နယ်စပ် ဆရာတော်က လာဒါခီ(လာဒါတ်ဒေသရှိလူမျိုး) မိရိုးဖလာက တိဘက်ဗုဒ္ဓဘာသာဝင် ဒါနဲ့ မြန်မာပြည်က အပြည်ပြည်ဆိုင်ရာဗုဒ္ဓတက္ကသိုလ် ကို လာတတ်တယ်။ လာတတ်ပြီး ထေရ၀ါဒ ရဟန်းအဖြစ်ခံယူတယ် နောက် ထိုင်းက မဟာစူလလောင်ကွန် မှာကျောင်းတတ်တယ်။ ပြီးတာနဲ့ လာဒါတ်ဒေသမှာ သာသနာပြုနေတဲ့ ထေရ၀ါဒ ဒေသခံ ရဟန်းတော်တပါးပါ။ သူပတ်ဝန်းကျင်က မဟာယနတွေနော်။ ဒါပေမဲ့ မဟာယနတွေ ကိုယ်တိုင်က သူကို ထောက်ပံကြတယ်။ ဒလိုင်းလာမာကြီးက သူရဲ့ ရိပ်သာကိုဖွင့်ပေးတယ်။ သူလုပ်ထားတာတွေ က ပညာရေး ကျန်းမာရေး၊ လူမူရေး သဘာဝပတ်ဝန်းကျင်ရေး တွေ လုပ်တယ်။ အိန္ဒိယ အစိုးရ ကကော အခြားဗုဒ္ဓဘာသာ အဖွဲ့စည်းတွေကကော ဆုတွေ အများကြီးပေးထားတယ်။ ကျနော်တို့ တိုင်းပြည်က သီတဂူဆရာတော်ကြီးတောင် သူဆီ သုံးခေါက်လောက် လာပြီး ချီးမြောက်သေး သဗျ။ သူကျောင်းမှာ မြန်မာပြည်က စေတီပုံစံလေးတောင်တွေခဲ့သေး။ သူ ကျနော်ကို ပြောတဲ့ စကား က Meditation in Action and Compassion in Action သတဲ့ဗျာ။

ကျနော်တို့ မြန်မာရဟန်းတစ်ပါးပါးက နိုင်ငံခြားက ပြန်လာပြီး မဟာယန ရဟန်းဖြစ်ပြောင်းကာ မြန်မာပြည်မှာ သာသနာပြုခဲ့ရင်ကော………………..

လူမျိုးကြီးဝါဒ ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာ ဗမာလူမျိုးတဲ့ ဗမာလူမျိုးဆို ဗုဒ္ဓဘာသာပဲ ဗုဒ္ဓဘာသာဆို ဗမာလူမျိုးပဲ။ ဒီစကား ကို အိန္ဒိယ နွယ်ဖွား ပုဂ္ဂိုလ်ကြီးတစ်ဦး တည်တောင်ထားတဲ့ မြန်မာပြည်ဝိပဿနာဌာနတစ်ခုက ကျောင်းအုပ်ဆရာ(ငြိမ်း)ဦးလေးကြီး တစ်ဦးက ၇၀၀ လောက်ရှိတဲ့ ကလေးတွေ ကိုပြောတဲ့ စကားပါ။ (ကျနော်ကံကောင်းသည် သူကျောင်းမှာကျောင်းသားမဖြစ်တာ) (မှားလား မှန်လား ကျနော်မသိ)

ဗုဒ္ဓဘာသာဝင် ရခိုင်လည်းရှိပါတယ်၊ ရှမ်းလည်း ရှိပါတယ်၊ မွန်လည်း ရှိပါတယ်၊ ကရင်လည်းရှိပါတယ် အခြားတိုင်းရင်းသားတွေလည်း ရှိပါတယ်။ ရဟန်းတော်တွေ ဆိုရင်လည်း တိုင်းရင်သား ရဟန်းတော်တွေ တပုံကြီးပါ။ သို့သော် ပရိယတ္တိသာသနာတော်ကို မြန်မာစာနဲ့ ပြုစုလေတယ်။ တိုင်းရင်သား ဘာသာစုံ လေ့လာနိုင်အောင် ပြုစုရင် ပိုမကောင်းပေဘူးလားဗျာ။ နိုင်ငံသားတိုင်းရသင့်တဲ့ နိုင်ငံသားစီစစ်ရေးကဒ် ပြား လုပ်ရင် ကိုးကွယ်တဲ့ ဘာသာ ဗုဒ္ဓဘာသာဆို ဗမာ ဆိုတာ ပါပြီးသား လာမပြောနဲ့ အလုပ်ရှုပ်တယ်။ အခြားဟာ တည့်ချင်ရင် ကြာမယ် လာမယ် မျှော်……..

နောက် ဒီတိုင်းရင်းသား ရဟန်းတော်တွေ ရဲ့ ခံစားချက် နဲ့ ဒီကိစ္စတွေပေါ်သူတို့ရဲ့အမြင် ကို မေးကြည့် ပါ ဘာဖြေမလဲ ဆိုတာ သိရပါမယ်။ ကျနော်တော့ မပြောလိုပါ။ (တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာ ဆိုင်းဘုတ်ပေါ်မှာ)

လှူကြပါဗျာ

ရုပ်အဆင်းကိုကြည့် ကြည်ညိုချင်တာ သုံးပုံ နှစ်ပုံ ( ဟယ်ဆရာတော်လေးက ချောလိုက်တာ – မုံရွာစီပွားရေးတက္ကသိုလ်က ဆရာမတစ်ယောက်တရားပွဲတစ်ခုတွင် ပြောသောစကား) ခေါင်းပါးသော အကျင့် ကို ကျင့်တာကို ကြည်ညိုတဲ့သူ သုံးပုံတစ်ပုံ (ဟိုဆရာတော်က သတ်သတ်လွတ်စားတာဟဲ) တရားစစ်တရားမှန်ကို ကျင့်သုံလို့ကြည်ညိုတဲ့ သူ ကား ………………………………………

ဒီတော့ သင်္ကန်းညစ်ညစ် ပေဂျစ်ဂျစ်နဲ့ စာပေပရိယတ် ကိုသင်ကြားနေသော စာသင်သားတို့အား လှူသူရှား လိမ့်မယ်။ မလှူတော့ အရောင်မထွက် အရောင်မထွက်တော့ မလှူ ဂျာအေးကို သူအမေရိုက်တော့ တယ်…..

လိုနေတာကို လှူမှာလား ပိုနေရာ ကို လှူမှာလား (ကိုယ်ဘာသာကိုယ်စဉ်းစားကြဗျာ)

Enlighten Myanmar

တစ်မျိုးသားလုံး ဥာဏ်အလင်းရရေး ဒီစကားကို စပြောတာက အိန္ဒိယက ဇာတ်ခွဲခြားမူကို ဆန့်ကျင်တဲ့ ဗုဒ္ဓဘာသာဝင်ခေါင်ဆောင်ကြီး ဒေါက်တာ အမ်ဘက်ကာ ပြောတဲ့ စကားပါ။ သူပြောခဲ့တာတော့ Enlighten India လို့ပြောခဲ့တာ ပါ သူက ဘာသာရေးတင်မဟုတ် ဥပဒေရေးရာပါ ကျွမ်းကျင်သူတစ်ယောက် ပါ။ အသေးစပ်အကျဆုံး အိန္ဒိယအခြေခံဥပဒေက သူရေးခဲ့တာပေါ့။ သူပြောခဲ့တာက တစ်နိုင်ငံလုံး နိုးကြားဖို့ လိုတယ် ဥာဏ်ရှိဖို့ လျုတယ်ဆိုတာပါပဲ။ မြန်မာပြည်မှာ တစ်ဦးချင်စီ တော်တဲ့ သူတွေ အများကြီးပါ ဒါပေမယ် တစ်မျိုးသားလုံး သဘော မဆောင်ပါဘူး။ သာသနာတော်ကလည်း လိုအပ်တွေ ရှိနေမှာပါ ဒီတော့ လိုအပ်ချက်တွေ အားနည်းချက်တွေကို လစ်လျုရူပြီး အားလုံးကောင်းပါတယ်ခင်ဗျာဆိုရင် လည်း သဘောပါပဲ။ ဒုက္ခကိုသိမှ တစ်မျိုးသားလုံး ဒုက္ခ (National Problem) ကို ဖြစ်နေပါတယ် ရှိနေပါတယ် လိုအပ်နေပါတယ် လက်ခံပြီး ဒုက္ခဖြစ်တဲ့အကြောင်း သမုဒ္ဒယ(Case of National Problem) ကို ရှာကာ ဒုက္ခလွတ်ကြောင်း မဂ္ဂ ( National Strategy) ကို ကျင့်ပြီး ရည်မှန်းရာ တစ်မျိုးသားလုံး ဥာဏ်အလင်း နိရောဓ (National Enlightenment) ရဖို့ နီစပ်မယ်လို့ ယုံကြည်ပါတယ်။

ရေသောက်မြစ်ကြီး စီးဆင်းမှ နိဗ္ဗာန်မည်သာ ပင်လယ်သာသို့ ရောက်ရှိနိုင်မည် ဖြစ်ကြောင်းပြောချင် ပါတယ်။

ပြီးပါပြီ။

p.s ဒီပိုစ်လေး စရေးဖြစ်ဖို့ တိုက်တွန်းတဲ့ ဓမ္မအကိုကြီး ကိုဝိ၊ ကိုဝိကို အီးမေးလ်ပို့ ပြီး မေးခွန်းထုတ် တဲ့ ဆရာတော်၊ အရေးတယူ အချိန်ပေးဖတ်ရှုတဲ့ စာဖတ်သူတွေ၊ ဦးနှောက်မုန်တိုင်းဆင်ပြီး ဆက်ရေးဖြစ်အောင် ခွန်းအားပေတဲ့ စာဖတ်သူတွေ အားလုံး ကျေးဇူးတင် ပါတယ် သူုတို့သာ မရှိရင် ဒါကို မရေးဖြစ်ပါ။

ဆက်ရေးချင်သော်လည်း ဘယ်လို ရေးရမှန်းမသိတာရယ် ငါးသိုင်းများ၍ ဟင်းဟုန်မှာဆိုးသောကြောင့် ဒီတင် ရပ်တံ လိုက်ပါတယ်

ကျနော်တစ်ဦးတည်း အမြင် ပုဂ္ဂုလဓိဌာန်မို့ အမှားအယွင်းတွေ မလွဲမသွေ ပါမှာပါ။ ကျနော်အကောက်အယူလွဲခဲ့တာရှိရင် ဒီအတိုင်းကြည်မနေပဲ မှားယွင်းခဲ့တာကို ပြင်ဆင်ပေးဖို့နဲ့ လိုနေတာများရှိရင်လည်း ဖြည့်စွက်ပေးကြဖို့ ဖိတ်ခေါ် ပါတယ်။

မောင်ဥဂ္ဂါ

ဟိမ၀န္တာတောင်ခြေ မိဂဒါဝုန်အင်စတီကျု

တန်ဆောင်မုန်း လပြည်ကျော် ၈ ရက်နေ့ ၁၃၇၃ ခုနှစ်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s