ညနက်နက်မှာ လထွက်တဲ့အခါ (ငြိမ်းချမ်းရေးအခါတော်နေ့ အမှတ်တရ)

လွန်လေပြီးသော နှစ်ပေါင်း ၂၆၀၀ ………………………..

ဘာရတ်(ခ)မဇ္ဈိမ(ခ) အခုခေါ်တော့ အိန္ဒိယဆိုတဲ့ ဒေသကြီးရဲ့ မြောက်ဘက်ပိုင်းက  ဟိမ၀န္တာ တောင်တန်းတွေက မြစ်ဖျားခံပြီး လှပစွာတသွင်သွင် စီဆင်းနေတဲ့ ဝတီ ရောဟဏီ……။ သူရဲ့ တဘက်တချက်မှာ ကောလိယမြို့ပြနိုင်ငံရဲ့ နန်းစိုက်ရာ မြို့တော် ရာမဂါမ နောက်တဘက်မှာတော့ စကျ(သကျ)တို့ရဲ့ နေပြည် ကလိလဝတ်….။

ဒီမြို့ပြနိုင်ငံလေးနှစ် နိုင်ငံ ဘေးချင်းရှိနေပေမယ် ပထဝီနိုင်ငံရေးအရ ပြဿနာမတက် အမျိုးသားရေး၊ လူမျိုးရေး၊ ဘာသာရေးများကြောင့်ချက် ပြဿနာမရှိ။ နှစ်နိုင်ငံသားပေးသမီးယူပြီး ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ကြ တယ်။ နှစ်ဘက်ထီးနန်းမျိုးဆက်များကလည်း ထိုခေတ်ဘာသာရေးဂိုဏ်းကြီး တစ်ခု ဖြစ်တဲ့ ဝေဒအစဉ်လာတွေ ကို ပစ်ပယ်ပြီး သာမဏအကျင့်နဲ့ အလယ်လတ်လမ်းကို ဖော်ထုတ်ပြခဲ့တဲ့ ဂေါတမ ဗုဒ္ဓ နဲ့လည်း ဆွေးမျိုးတော် စပ်ကြပြန်သေးတယ်။

နှစ်ပြည်ထောင်လုံး စိုက်ရေးပျိုးရေးအတွက် ဆည်ကြီးတစ်ခုအတူဆောက်ပြီး ရောဟဏီကရေကို ညီတူညီမျှ ဝေမျှသုံးချနိုင်အောင် ရေပေးဝေရေး မြောင်းလက်တက်တွေ ရေတံခါးတွေ ဆောက်လုပ်ပြီးခဲ့ပြီ။ အချင်းချင်း သင့်သင့်မြတ်မြတ်နေထိုင်ခဲ့ကြတယ်။

တစ်နှစ်မှာတော့ ထူးထူးခြားခြား ပုံမှန်မဟုတ်ပဲ ကောက်စပါးတွေ ရိတ်သိမ်းချိန်မတိုင်မီမှာ မိုးခေါင်လေတယ်။ မိုးခေါင်တာမို့ ရောဟဏီက မြစ်ရေကလည်း နည်း မြစ်ရေနည်းတော့ ဆည်ရေလည်း နည်း ဆည်ရေနည်းတော့ စပါးမအောင်မှာ နှစ်ဘက်တိုင်းပြည်က လယ်သမားဦးကြီးတွေ ကြောက်နေလန်နေ စိုးရိမ်နေကြတယ်။ နောက်မိုးရွာမရွာ ဆိုတာကလည်း အခုခေတ်လို့ မိုးလေဝသနဲ့ဇလဗေဒက မရှိ ဦးထွန်းလွင် ကလည်း မရှိတော့ မပြောနိုင်။ လယ်သမား ပြည်သူပြည်သားအားလုံး စပါး သာ မအောင်ရင် ငတ်မွတ်မဲ့ဘေး တွေးကာကြောက်နေကြလေတယ်။ ရှိတဲ့ရေ က တစ်နိုင်ငံသာ လယ်ယာတွေ အတွက်သာ လုံလောက်မယ် နှစ်နိုင်ငံစာ အတွက် မရှိ။ တစ်နိုင်ငံစာသာရှိတယ်။

အဲဒါကြောင့် ကောလိယနယ်သား လယ်သမားတစ်ယောက် မြစ်ရေမှ ရတဲ့ ဆည်ရေဟာ နှစ်ဘက်မှာရှိတဲ့ လယ်တွေအားလုံးက သီးနုံအားလုံး ရင့်မှည့်အောင် မလုံလောက်တာ သေချာလှတယ်။ ဒါကြောင့် အခုကတည်းက ရေအားလုံးကို ကောလိယ လယ်တွေထဲ သွယ်ထားရင်ကောင်းမယ် လို့ တွေးပြီး သူ အကြံကို အခြားကောလိယ လယ်သမားတွေကို ချပြဆွေးနွေးကြတယ်။ ကောလိယသားလယ်သမားများက ဒီအကြံကို သဘောတူပေမယ် ဒီလိုလုပ်တာ မတရား ဆိုတာကိုတော့ သိကြတယ်။ တဘက်က ကပိလဝတ်သားတွေ မကျေမနပ်ဖြစ်မှာ သေချာသလောက်ဆိုတာလည်း စဉ်းစားမိတယ်။ နောက်ဆုံးမှာတော့ ကောလိယနယ်သားတွေက သူတို့လယ်မြေတွေ အထဲ ရေတွေ သွယ်ယူဖို့ကို သဘောတူလိုက်ပြီး ရရှိလာတဲ့ သီးနုံတွေကို ကပိလဝတ်သားတွေကို နစ်နာကြေး အဖြစ် ခွဲပေးဖို့ သဘောတူကြတယ်။

တဘက်က ကပိလဝတ်သားတို့ ကလည်း ကောလိယသားတို့ ဆွေးနွေးတိုင်ပင်သလို ရောဟဏီ မြစ်ရေ ဆည်ရေ ကို ကပိလဝတ်လယ်မြေတွေထဲ သွယ်ယူဖို့ ဆွေးနွေးကြတယ်။ ကောလိယသားတို့ရဲ့ အကြံကို ရိပ်မိကြတယ်။ ကောလိယတို့ စီမံတာကို လက်ခံလိုက်ရင် တို့စကျ(သကျ)တွေနစ်နာမယ် ကောလိယတွေ ဆီမှာ အောက်ကျနောက်ကျခံရတော့မယ် ဂုဏ်သိက္ခာကျနိုင်တယ်။

နှစ်ဘက်စလုံးက ပြည်သူတွေက တစ်ဘက်နဲ့ တစ်ဘက် အခွင့်ထူးယူတယ်လို့ထင်ပြီး အလျော့မပေးကြ ညိုနှိုင်းပြီး အတူအဖြေရှာဆွေးနွေးကြရင် ပြေလည်နိုင်ပေမယ့် နှစ်စလုံး ပြေလည်အောင် မလုပ်နိုင်ကြတော့။ တစ်ဘက်နဲ့ တစ်ဘက် ရန်မီးထောက်စတောက်လာပြီင်္း အရင်အတိတ်က ဖြစ်ခဲ့တဲ့ ငယ်ကျိုးငယ်နာတွေ ဖော်ပြီး တစ်ဘက်ကို တစ်ဘက် စော်ကားမော်ကားပြောလာတယ်။ နောက် မိမိ အမျိုးက ပိုမြင့်မြတ်ကြောင်း တစ်ဘက်အခြားအမျိုးကအောက်တန်းကျကြောင်းပြောဆိုလာကြတယ်။ နှစ်ဘက်လူအုပ်ကြီး ကား စိတ်လှုပ်ရှားမှုတွေ မြင့်မားလာကြတယ်။ တစ်ဘက်နဲ့ တစ်ဘက် ရောဟဏီမြစ်ကို အလယ်ထားက အပြန်အလှန်အော်ဟစ်ဆဲဆိုကြတယ်။ ဆဲဆိုတာတွေ ကနေ ဒေါသတွေ အရိုန်မြင့်လာပြီး တစ်ဦးကို တစ်ဦး ထိခိုက် နားကျင်အောင် တုတ်တွေ ခဲတွေနဲ့ ပစ်ခတ်ကြနေတယ်။ ဆဲဆိုသံတွေက ပုဂ္ဂိုလ်ရေးတွေသာမကပဲ နှစ်နိုင်ငံ အစိုးရ အုပ်ချုပ်သူ တွေကိုပါ စော်ကားတဲ့စကားတွေပြောလာတယ်။

ညနေနေဝင်ချိန် အလင်းရောင်က နည်းသထက်နည်းလာသလို အမှောင်ထုကတော့ များသထက် များလာချိန်မှာတော့ နှစ်နိုင်ငံ လူအုပ်ကြီးရဲ့ ဒေါသရေချိန်တွေကား မြင့်သထက်မြင့် ပြင်းသထက်ပြင်းလာပြီး နှစ်ပြည်ထောင် ရှင်ဘုရင်များ နဲ့ မှုးကြီးမတ်ရာ များဆီကို သတင်းရောက်သွားလေပြီ။ နိုင်ငံအုပ်ချုပ်သူတွေကိုပါ စော်ကားမော်ကားပြောရာတာကို အရေးယူရမယ် အဓိကပြဿနာ ရေထက် နှစ်ပြည်ထောင် အုပ်ချုပ်သူ မင်းဧကရာဇ်ရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆယ်ဖို့ နှစ်ပြည်ထောင်စစ်ခင်းရတော့မယ်။

နံနက် အာရုဏ်တက်ချိန်မှာ နှစ်ပြည်ထောင်စစ်တပ်တို့ဟာ ဆင်တပ် မြင်းတပ် ခြေလျင်တပ်များနဲ့ လက်နက်များကို ကိုင်ဆောင်ပြီး ရောဟဏီ မြစ်ကမ်းဆီ ချီတက်လာကြပြီ။ မနက်လင်း အလင်းအာရုံ ကျင်းက ပတ်ဝန်းကျင်က လင်းနေပေမဲ့ နှစ်ပြည်ထောင် လူအုပ်ကြီးရဲ့ စိတ်သဏ္ဍန်တွေကတော့ မောဟမှောင်ကြီး ကျနေဆဲ။ ရေအနည်းကျဉ်းသာရှိတဲ့ ရောဟဏီင်္မြစ်ကို နှစ်ပြည်ထောင် လူတို့ရဲ့သွေးနဲ့ ဖြည့်တည့်တော့မှာလား။ နှစ်ဘက်တပ်တွေ အလွန်နီးကပ်ပြီး တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ။

ကပိလဝတ်နဲ့ ကောလိယ နှစ်ပြည်ထောင်စစ်ဖြစ်တော့မယ်ဆိုတဲ့ သတင်းစကားကို စစ်ပွဲဝေးရာ မှာ ငြိမ်းချမ်းစွာနေတော်မှုတဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင် ကြားသိပြီး သွားသင့်မသွားသင့် ဆင်ခြင်မိသည်။

ဆင်ခြင်ပြီး လူအချင်းချင်း သတ်ဖြတ်မဲ့အရေး ကိုတားစီးမှ ငါတားစီးရင် စစ်ပွဲ ငြိမ်းနိုင်တယ်လို့ ဆင်ခြင်ပြီး နှစ်ပြည်ထောင်စစ်ပြင်နေတဲ့ ရောဟဏီ မြစ်လယ် စစ်တပ်ကြီး နှစ်ခုကြားမှာ မတ်မတ်ရပ်လျက် နေတော်မှုတယ်။

နှစ်ဘက်စစ်တပ်ကြီးက လူတွေလက်ထဲကိုင်ဆွဲထားသည်ကား လက်နက်တွေ ဓား လှံ တုတ် မြားတွေ သူတို့ စိတ်သဏ္ဍန်မှာက ဒေါသတွေ မောဟတွေ လောဘတွေ နဲ့ ပူလောက်မြိုက်နေတယ်။ မြတ်စွာဘုရားရှင် မှာလည်း လက်နက်ဟု၍ အပ်တိုမျှပင် မပါ။ ကြီးမြတ်တဲ့ အတုမရှိတဲ့ ကရုဏာ မေတ္တာတရားနဲ့ ဥာဏ်ပညာ ကို ပိုင်ဆိုင်သူ ဗုဒ္ဓ စစ်ပွဲအလယ်ရပ်နေလျက်ရှိတယ်။

မြတ်စွာဘုရားရှင်နဲ့က နှစ်ဘက်စလုံး ဆွေးမျိုးတော်ကြတယ်။ ဒါကြောင့် ဘုရားရှင်ရောက်လာတော့ နှစ်ပြည်ထောင်စစ်တပ် ခဏ မင်သက်သွားတယ် အံသြသွားကြတယ်။ ဘုရားရှင်က စစ်ပွဲ ဘာကြောင့် ဖြစ်ရတာလဲလို့မေးတော့ စစ်တိုက်တော့မယ် နှစ်ဘက် စစ်တပ် နှစ်တပ်စလုံး အကြောင်းအရင်း သေသေချာချာ ဂဃနဏ မသိ ဆင့်ကဲဆင့်ကဲ မေးမြန်းတော့မှပဲ လယ်သမားတွေကစပြီး ရေကိစ္စ ကြောင့်စစ်ဖြစ်ကြောင်း ဖြေကြားတယ်။

ထိုအခါ ဘုရားရှင်က လူတို့ရဲ့ တန်ဖိုး ဘဝရဲ့တန်ဖိုးကို သိရှိနားလည်ဖို့ နှစ်ပြည်ထောင်မင်းတွေကို မေးခွန်းတွေမေးပြီး အသိဥာဏ်ဖွင့်ပေးခဲ့တယ်။

ဘုရားရှင်           : မင်းကြီး ရေ က ဘယ်လောက်တန်ဖိုးရှိသလဲ

ဘုရင်၂ ပါး         : အနည်းငယ်မျှသာတန်ဖိုးရှိပါတယ် ဘုရား

ဘုရားရှင်           : စစ်သည်တော်တွေ တိုင်းသူပြည်သားတွေကကော ဘယ်လောက်တန်ဖိုးရှိလဲ

ဘုရင်၂ ပါး         : အတိုင်းမသိ အဖိုးမဖြတ်နိုင်အောင် ဖြစ်ပါတယ်ဘုရား

ဘုရားရှင်           : ဒီလိုဆို တန်ဖိုးအနည်းငယ်လောက်သာတန်တဲ့ ရေ အတွက် အဖိုးမဖြတ်နိုင်တဲ့

စစ်သည်တော်တွေ ပြည်သူတွေ ဆုံးရှုံးခံ မလိုလား

ဘုရင် ၂ ပါးစလုံး အသံတိတ်သွားပြီး မျက်နှာတွေ ညိုးငယ်ကာဖြင့် ခေါင်းငိုက်စိုက်ကျသွားကာ နောက်တတရားများကို ပွေ့ပိုက်မိတယ်။ နောက်တော့ သဘောပေါက်နားလည်သွားနေရဲ့ ခေါင်းပြန်မော့ကာ နှစ်ပြည်ထောင်စစ်သည်တော် အားလုံး ပြုံးပန်ဝေလာက  လက်ထဲကိုင်ထားတဲ့ လက်နက်များကို ပစ်ချလိုက်တဲ့ အပြင် ရင်ထဲမှာ သိုထားတဲ့ အမှန်း ဒေါသတွေလည်း ငြိမ်းသွားကြလေပြီ။

အဲဒီအခါမှာ ဘုရားရှင်က မင်းကြီးတို့ ဘာကြောင့် မိုက်မဲရတာလဲ စစ်ပွဲဆက်ဖြစ်မယ်ဆိုရင် သင်တို့ အတွက် မြစ်တစ်ဆင်းရတော့မယ် ရမယ့်မြစ်က ကြည်လင်စင်ကြယ်တဲ့ရေတွေ စီးတဲ့ မြစ်မဟုတ် စစ်သည်တော်တွေ သွေးနဲ့ စီးဆင်းမဲ့ သွေးနဲ့ပြီးတဲ့ မြစ်ကို ရတော့မယ်။

အဲဒီည က ဒီနေ့လို နယုန်လ လပြည့် ဒေါသ အမုန်းတရားတွေနဲ့ အမှောင်ဖုံးလို့ အမှန်ကိုမမြင်နိုင် မသိနိုင် တဲ့ သတ်ဖြတ်ချင်စိတ် ခိုက်ရန်ဖြစ်ချင်စိတ်တာ ကြီးစိုးနေတဲ့ ကပ္ပိလဝတ်နဲ့ ကောလိယ လူအုပ်ကြီးကို ဘုရားရှင်က လမင်းပမာထွန်းလင်းလာပြီး အမှန်မြင် အမုန်းတွေပျောက် အလင်းရောက်အောင် ဆောင်ကြဉ်း ပေးနိုင်ခဲ့တယ်။

အဲဒီနယုန်လပြည့်ညမှာပဲ အမှောင်ထု ညနက်နက်မှာ ဥာဏ်ပညာနဲ့ ကရုဏာ လမင်းကြီး ထွက်လာပြီး ညနက်နက်မှာ လထွက်ခဲ့ပြီး ငြိမ်းချမ်းစေခဲ့တယ်။ အခု ဗုဒ္ဓအဆုံးအမကို အလိုက်နာဆုံး ထေရဝါဒရဲ့ ခံတပ်ဆိုတဲ့ ကျနော်တို့ မြန်မာပြည်မှာကော ကွဲပြားမှုတွေ အခြေပြု ခွဲခြားဆက်ဆံ ဗိုလ်ကျစိုးမိုးတာတွေ လူကို လူလို မမြင်တဲ့ ဒိဋ္ဌိ မာန တဏှာ စတဲ့ ပပဉ္စအမြင်တွေ ကွယ်ပျောက်ပြီး လူကို လူလိုမြင်တတ်တဲ့ မေတ္တာမျက်လုံး ကရုဏာမျက်လုံး မုဒီတာမျက်လုံး ဥပက္ခာမျက်လုံးများ စတဲ့ ဗြဟ္မာစိုရ်မျက်လုံးများဖြင့် လောကကို အယူရှင်းရှင်းဖြင့် လူလင်းကြီးဖြစ်ကာ ရှုမြင်နိုင်ပါစေကုန်။

နဟိဝေရေန ဝေရာနိ၊

သမ္မန္တီဓ ကုဒါစနံ။

အဝေရေန စ သမ္မန္တိ၊

ဧသ ဓမ္မော သနန္တနော။

ဤလောက၌ ရန်တို့သည် ရန်တုံ့ပြန်ခြင်းဖြင့် ငြိမ်းရိုးထုံးစံ မရှိကြပေ။ ရန်တို့သည် ရန်တုန့်ပြန်မှု မပြုကြမှ ငြိမ်းရိုးထုံးစံ ရှိကြကုန်၏။ ဤသဘောသည် ရှေးရိုး ရှေးဟောင်း သူတော်ကောင်း ကျင့်စဉ်ဖြစ်၏။

သုသုခံ ၀တ ဇီဝါမ၊

ဝေရိနေသု အဝေရိနော။

ဝေရိနေသု မနုေဿသု၊

ဝိဟရာမ အဝေရိနော။

ငါတို့သည် ငါတို့အားမုန်းတီသူတို့ကြား၌ အမှန်းတရားကင်းမဲ့စွာဖြင့် ပျော်ရွှင်စွာ နေကြပါစို့။

ခံဝန်ချက်။      ။ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္တူစာအုပ်ခေါင်းစဉ်ကို အရှက်မရှိ ယူသုံးထားကြောင်း ဝန်ခံပါသည်။

ကိုးကား

၁၃၅၈-ခု နှစ်၊ မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်မှ အသံလွှင့် သီတဂူဆရာတော်ဘုရားကြီး ဟောကြားတော်မူအပ်သောနယုန်လပြည့် မဟာသမယနေ့ တရားတော်

မေတ္တာ့ဖြင့်

မောင်ဥဂ္ဂါ

ည ၁၁နာရီ ၂၅ မိနစ်

၂၃၊ဇွန်လ ၂၀၁၃

နယုန်လပြည့်နေ့ မဟာသမယအခါတော်နေ့ ၁၃၇၅ခုနှစ်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s