ကသာအင်းတော်ဒိုင်ယာရီ (22-23/05/2013)

 

အောင်းကုန်းရွာ က ဗန်းမောက် – အင်းတော်သွားတဲ့ လမ်းပေါ်မှာရှိတာ။ အမှန်ဆို ဒီကနေ အင်းတော်ကို တဆင့်သွား အင်းတော်က ကြုံရာကားနဲ့ ကသာကို လိုက်ပြီး သွားရမှာ ကံကောင်းချင်တော့ အောင်းကုန်းရွာသူ နီလာအေး(ကတူးစာ/ယဉ်)ကျေးဇူးနဲ့ ကသာကို ဆိုင်ကယ်နဲ့ လိုက်ပို့ပေးတယ်။ အင်းတော်နဲ့ ကသာကြား လမ်းတွေက အတော်ကို ဆိုးနေပြီ မန်း-ရွှေဘို-မြစ်ကြီးနား(စီမံကိန်းလမ်း)က နဘားဘက် ကွေ့တာဆိုတော့ နဘားလမ်းခွဲကနေ ကသာအထိက အတော်ကိုဆိုးတဲ့လမ်း ဖြစ်နေပြီ။ ဒီဘက်က သစ်တောတွေကောင်း ကျွန်းသစ်တွေ ရှယ်ထုတ်နိုင်ပေမဲ့ လမ်းပန်းဆက်သွယ်ရေးကတော့ အခုထိမကောင်းနိုင်သေးဘူး ကသာ ဗန်းမော်တကြောတော့ ကျွန်းတွေကုန်သလောက် ရှိပြီ။

နောက်ဒီဘက်မှာ ကျွန်းဘယ်လောက်တောင်ပေါလဲ ဆိုရင် ထင်းစိုက်ရင် တခါတလေ ကျွန်းကို သုံးသတဲ့ ကြံချက်လုပ်ငန်းတွေမှာ ကျွန်းနဲ့ မီးမွေးသတဲ့ ဒီလိုကြားရတာ ရင်ထဲ မချိလိုက်တာ။ တကယ်လည်း အဲဒီလောက်ပေါတယ်။ အခါ ကျနော် ဗန်းမော်က ရွာတစ်ရွာကို ရောက်တော့ မိုးရာသီ လမ်း ဗွက်ထလို့ လူသွား လူလာ ကောင်းအောင် လမ်းမှာ ခင်းထားတာက ကျွန်းတိုင်ကြီးတွေ အဲတုန်းကဆို နမျောလွန်းလို့ နင်းတောင် မနင်းခဲ့ဖူး။ အခုလည်း ဒီဘက်မှာ ခြံစည်းရိုးမှာလည်း ကျွန်း မီးမွေးတော့လည်း ကျွန်း၊  အင်း ပြောရတော့ ခက် တယ် ကျွန်းကို အလုပ်ဖြစ်အောင် Value Added ကုန်ချောထုတ်ဖို့ကလည်း စက်ရုံက မရှိ လက်မှုပညာကလည်း မတက် တတ်ပြီး လုပ်ခဲ့ရင်တောင် ဈေးကွက်ကမရှိ။ ဒေသခံက ဒေသက သစ်ကို သုံးတာ ပြဿနာ မရှိပေမဲ့ အပြင် ကုမ္မဏီတွေက လာပြီး ဒေသက သစ်ကို ခုတ် ရောင်း ဒေသဖွံဖြိုးဖို့အတွက် ဘာမှ မလုပ် အမြတ်တွေအများကြီးရ ပြန်သွား ဒေသခံ က ဒေသမှာ နေပြီး ခံနေရတယ်။

အင်းတော်နဲ့ ကသာကြား လမ်းမှာ သစ်တော သုတေသနခြံတွေ ဘာတွေ ရှိတယ်။ ဝင်ကြည်ချင်တယ် ဘာတွေ သုတေသနလုပ်နေလဲ သိချင်တယ်။ လမ်းက မြင်ကွင်းတွေက သိပ်မပြောင်းလဲ ပေမဲ့ ကသာ ကို ဝင်ဝင်ချင်း အတော်ကို ပြောင်းလဲလာတာကို သိလိုက်ရတယ်။ အရင်က မရှိဖူးတဲ့ ကြော်ညာဆိုင်းဘုတ်တွေ အများကြီး အပြင်အဆင်တွေ ကအစ ပြောင်းသွားပြီ။ ပတ္တမြားရပ်ကွက်ဆို သိပ်သိသာတာ အရင်က မြို့ပြင်လို့ပြောလို့ရတယ် ဘာမှမရှိလှ အခုတော့ အတော်စည်ကားနေပြီ။ သူငယ်ချင်း မိပိုင်(မေသက်ပိုင်စိုး-စာရင်းစစ်ရုံး) က သူရုံးရှေ့မှာ ထွက်စောင့်နေတယ်။ မိပိုင်ကို မတွေ့ရတာ အတော်ကြာပြီ အဆက်အသွယ်မပြတ် ရှိပေမဲ့ မတွေရ မဆုံရတာ အတော်ကြာပြီ။ သူတွေတော့ နှစ်ယောက်စလုံး အပြန်အလှန် စပြောဖြစ်တဲ့ စကားက နင် အတော်ဝလာတယ်တဲ့ ။ ဟီး သူလည်း ဝလာသလို ကျနော်လည်း ဝလာတယ်။ သူက သိပ်မသိသာပေမဲ့ ဝတော့ ဝလာတာပဲလေ။ ကျနော် ဝလာတာတော့ သိသာတယ် အရင် ကျောင်းတက်တုန်းက ပေါင်ချိန် ၁၀၀ နဲ့ ၁၁၀ လောက်ရှိပေမဲ့ အခုတော့ ၁၄၀ လောက် ရှိနေပြီလေ။ လူတွေ အသက်ကြီးလာရင် ဝတာ သဘာဝထင်ရဲ့။

မိပိုင်ကို ခေါ်ပြီး မြို့ထဲသွား ကားလက်မှတ်ဝယ်ရတယ်။ ကားလက်မှတ်ကလည်း အတော်ကိုရှားပ ဗုဒ္ဓနေ့ ဝိသာခါဒေးမို့ ကားတစ်စီးပဲထွက်တယ်။ ဘာပဲပြောပြောအရင်က ရွှေခြင်္သေ့ယဉ်လိုင်းတစ်ခုပဲ ရှိပေမဲ့ အခုတော့ ကားတွေ ယဉ်လိုင်းတွေ အတော်များရှိနေပြီ ရွှေအိုးမန်း၊ ငွေအိုးမန်း၊ ရွှေခြင်္သေ့  ဆိုပြီ ၃ ခုလောက်တော့ရှိလာပြီ။ အပြိုင်အဆိုင်မလုပ်လို့လားမသိ ဝန်ဆောင်မှုနဲ့ ဆက်ဆံရေးတွေကတော့ ကြမ်းပေါက်ကျွံတုန်း။

ကသာမြို့ခံ သူငယ်ချင်းကြီး မသက်တင်ဆီသွားတယ် သူက ရှေ့နေကြီး ဖြစ်နေပြီ စီးပွားရေးလည်း အတော်သောင်းကျန်းပုံရတယ်။ ဖုန်းတစ်လုံးနဲ့ အေးဆေးကို စကားပြောလို့ မရဘူး။ စာချုပ်ကိစ္စ၊ အိမ်အရောင်း အဝယ်၊ တရားမအမှု တရားထီးအမှုတွေနဲ့ ရှုပ်ယှက်ကိုခက်နေတာပဲ။ ဒါတောင် ညနေပိုင် မူလတန်း နဲ့ အလယ်တန်းကလေးတွေကို စာသင်လိုက်သေးတယ်။ သူ ညီမ ၂ ကောင်စလုံး ရှေ့ကားကို ကျော်တတ်ပြီး လင်ရ သွားပေမဲ့။ သူကတော့ မစွံ အသက်ကလည်း ၃၀ ကျော်ပြီဆိုတော့ အပျိုကြီးစာရင်းတော့ ဝင်ရှာနေပြီ။

ကသာမှာ အခုတလော ဟော့ နေတဲ့ သတင်းက ဘုန်းကြီးတစ်ပါး ကို ဒကာမတစ်ယောက်က ကာမလိမ်လည်မှု နဲ့ တရားစွဲထားတယ်တဲ့။ သက်သေအရ ခိုင်လုံနေပေမဲ့ ကသာ သံဃာထုက ရဟန်းသံဃာ ဥပဒေနဲ့ တရားခံဘုန်းကြီးကို အပြစ်ပေးမယ်။ လူ ဥပဒေနဲ့ အပြစ်မပေးနဲ့ဆိုပြီး တောင်းဆိုထားတယ်။ ဒါကြောင့် တရားခံ ဘုန်းကြီးကို စီရင်ချက်ချရင် ဆန္နပြမယ်လို့လည်း ခြိမ်းခြောက်ထားသတဲ့။ မသက်တင်က တရားရုံး အသိုင်းဝိုင်းကဆိုတော့ သူပြောတာတွေ နားထောင်ပြီး သက်ပြင်းအရှည်ကြီးချမိတယ်။

ရဟန်းသံဃာတွေကို လူဥပဒေနဲ့ အပြစ်မပေးပဲ ရဟန်းဥပဒေအရ စီရင်ဖို့ ဟိုး ၂၀ရာစုဦးပိုင်းလောက် က ရှင်အာဒိစ္စဝံသ အဆိုပြုဖူးတယ်။ ဒီလို အဆိုပြုဖူးတဲ့ ရှင်အာဒိစ္စဝံသကိုပဲ ဘိက္ခုနီ သာသနာ ပြန်တည်ထောင်သင့်တယ် ပြောမိလို့ ဂျုဗလီဟောမှာ လူကော ရဟန်းကော ဝိုင်းဆော်ပလော်တီးခဲ့ကြတာ ကြာကြာခဲ့ပါသကော။ အခုကိစ္စကတော့ မောင်ဥဂ္ဂါ အတွက် မထူးဆန်းပေါင်။

ကသာ အကြောင်း သူငယ်ချင်းတွေ အကြောင်း မေးဖြစ် မြန်းဖြစ် စကားပြောဖြစ်တယ်။ သူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ ရှိုန်းသူ နဲ့ အောင်ကြီး ဆုံးသွားတာသိလိုက်ရတော့ စိတ်မကောင်းဘူး။ ရှိုန်းသူ က လွန်ခဲ့တဲ့ နှစ်လလောက်ကမှ ဆိုင်ကယ်မှောက်လို့ သေသွားတာ။ မိန်းမနဲ့ ကလေးတစ်ယောက် ဟုမ်းမလင်း ဘက်မှာ ကျန်ခဲ့တယ်။ သူနာရေးကို သူမိန်းမတောင် မလာနိုင်ခဲ့ဘူး။ အသေစောလိုက်တာ သူငယ်ချင်းရာ။ အောင်ကြီးကတော့ ဆေးလွန်ပြီး ဆုံးတာ။  သူဆုံးတာ ၄ နှစ်လောက် ရှိပေမဲ့ အခုမှသိတယ်။ သူ မန္တလေးက ပြန်လာထဲက ဆေးသုံးနေမှန်းတော့ သိတယ်။ သူကတော့ အပျိုအရွယ် ညီမလေးတစ်ယောက် ကျန်ခဲ့တယ်။ သူတို့ မိသာစု မိဘ နှစ်ပါး ဆုံးပါးပြီးတည်းက သူရယ် သူ ညီမရယ် အတော်ရုန်းကန်ခဲ့ရတာ အခုတော့ သူညီမပဲ လောကအလယ် မျက်နှာ ငယ်ငယ်နဲ့ ကျန်ခဲ့တော့မယ်။ အောင်ကြီး ဂီတာတီးကောင်း ရုပ်ကလည်း ဖြောင့်၊ ဆိုတော့ သူရှိတုန်းကဆို ကသာမှာ အတော် ဆော်ကြည်တဲ့ ကောင်လို့ ပြောလို့ ရတယ်။ ဟိုးလွန်ခဲ့တဲ့ ၈ နှစ်လောက်က ငါတို့ ဧဒင်လဖေ့ရည်ဆိုင်မှာ ညလုံးပေါက် ဂီတာတီး အော်ကြ ဟစ်ကြတာ သတိရသေးရဲ့။ ကသာမြို့က လူငယ်တွေကြား မူးယစ်ဆေးဝါးက အတော်ကို ဆိုးဆိုးဝါးဝါး ဖြစ်နေပြီ။ အောင်ကြီးက မန္တလေးမှာ ဆေးစွဲပြီး ကသာမှာဆုံးတာ။ အခုက ကသာမှာတင် ရနိုင်နေပြီ။ တိုးတက်ပါပေတယ် မြန်ပြည်ရယ်……။

မင်းတို့ နှစ်ယောက်စလုံး ကောင်းရာသုဂတိရောက်မှာ မဟုတ်ဘူးဆိုတာ သိပါတယ်၊ သိလို့ ကောင်းရာသုဂတိရောက်ပါစေဆိုပြီး ဆုမတောင်းပေးတော့ဘူး။ နောက်ဘဝဆိုတာ ရှိခဲ့ရင် ငါတို့တွေ မဆိုးကြနဲ့တော့ သူငယ်ချင်းရေ။  ငါလည်း မကြာခင် လိုက်လာခဲ့ မပေါ့။

၈ နှစ်လောက် မဆုံဖြစ် မတွေဖြစ် မကြုံဖြစ်ခဲ့တဲ့ သူငယ်ချင်းတွေ အကြောင်းပြောရတာ ဘယ်လောက် ပြောပြောမကုန် ဘယ်လိုပြောပြောမမောနိုင်အောင်ပါပဲ။ အရင် ကသာမှာနေတုန်းက အီစီကလီလုပ်ခဲ့ ဖူးတဲ့ ကောင်မလေးတွေကတော့ လင်ရ ကလေးတွေတောင် ရကုန်ကြပြီ။ သူတို့နဲ့တွေ့တော့ သူတို့ က အရင်တုန်းကလို ငယ်ငယ်တုန်းကလို ချစ်စရာမကောင်းတော့ အတော်ကို ရုပ်ပျက်နေပြီ။ စိတ်ထဲ တွေးလိုက်မိတာ က တော်သေးတာပေါ့ ငါသူတို့နဲ့ မကြိုက်မိလို့ ဆိုပြီးတွေးမိတယ်။ နောက် သူတို့ ကလည်း ကျနော်ကြည့်ပြီး ဒီကောင် ငါ ပြန်မကြိုက်ခဲ့တာ ကံကောင်းတာပဲလို့ တွေးမိမှာ အမှန်ပဲ။

နောက် သူငယ်ချင်း ရွှေစင်ဝင့်ဝါအောင်တို့၊ မဂျမ်းတို့ ရှိတဲ့ ဧရာဝတီမြစ်ကို မေးတင်ထားတဲ့ တုံးပေါရွာကို သွားခဲ့တယ်။ ၈ နှစ်လောက်ကြာကြာမရောက်ခဲ့ပေမဲ့ ကသာက လမ်းတွေ ကို မှတ်မိသေတော့ ကိုယ်ကိုကိုယ်တောင် အံသြတယ်။ ကသာမှာ တာဝန်ကျတဲ့ မိပိုင် ကသာကို လျှောက်မမွေရသေးဘူး ထင်တယ်။ ကသာမှာ သူတာဝန်ကျပေမဲ့ ကျနော်လောက် မသိသေးဘူး။ တုံးပေါကို ရောက်ပြီး ရွှေစင်တို့ အိမ်ရောက်ပြန်တယ်။ ရွှေစင်နဲ့က စီးပွားရေးတက္ကသိုလ် အတူတူတတ်တာဆိုတော့ သူအိမ်ကို မှတ်မိနေတယ်။ ဒါပေမယ် သူလည်း အတော်ကို ရုပ်ပြောင်းသွားတယ် အတော်ပိန်သွားတယ်။ သူလည်း ယောကျာင်္းမရသေးဘူး။ သူနဲ့မိပိုင်နဲ့ တက္ကသိုလ်မှာ မေဂျာတူတူတ အတန်းတူတူ ကို တစ်ယောက်နဲ့ တစ်ယောက် မသိကြဘူးတဲ့ အံရော အံရော။

တုံးပေါက အပြန် တုံးပေါဘုန်းကြီးကျောင်းထဲ မှာ မိပိုင်ဓာတ်ပုံရိုက် နောက် ဧရာဝတီမြစ်ကမ်းက လှေခါးမှာလည်း ဓာတ်ပုံရိုက် ပဲ အမျိုးမျိုးပေး ပိုစ့် အမျိုးမျိုးလုပ် ဒါတောင် ကျနော့် 1100D လေးမပါလာလို့ ပါများ ပါခဲ့ရင် ညအထိတောင် ရိုက်မလားမသိ။

နောက် ရေတွင်းဘေး အကြော်ဆိုင်နဲ့ အန်တီစန်းနုခေါက်ဆွဲ သွားစားရမယ်။ ဒါတွေမှ မစားခဲ့ရင် ကသာရောက်တယ် ဘယ်မြည်မလဲ မဟုတ်ဘူးလား။ ညနေစောင်းတော့ ကသာရုပ်ရှင်ရုံရှေ့ က အန်တီစန်နု ခေါက်ဆွဲကို အမှန်းဆွဲတယ်။ ဘာလို့ဒီခေါက်ဆွဲကို ကြိုက်တာလည်း ဆိုတော့ ခေါက်ဆွဲဖက် က ဆန်စီး ဟင်းရည်က ငါးပြုတ်ရေ နောက် ငါးဖယ်နဲ့ အခြား ဘာညာ ဘာညာက အများကြီး ပါတယ်။ တစ်ပွဲဆိုရင်တောင် အများကြီး ကျနော်က ၂ ပွဲ အဝဆွဲခဲ့တယ်။ ရေတွင်းဘေး အကြော်ဆိုင်ကတော့ မိုးရွာလို့ မဖွင့်ဘူး။ နောက် ဧဒင် လဖေ့ရေဆိုင်ထိုင် ကိုထက် နဲ့ စကားပြော။ မိပိုင်ကော မသက်တင်ကော ပြန်ကြလေတယ်။

ကိုထက်နဲ့ သူဦးလေးနဲ့ သူညီနဲ့ ညလုံးပေါက် ထိုင်စကားပြောကြတယ်။ ရမ်တစ်လုံးနဲ့ နိုင်ငံရေး၊ ဘာသာရေး စီးပွားရေး၊ တိုင်းရင်းသားရေးတွေကို အမြည်းလုပ်ပြီး တညလုံးသောက်ကြလေတယ်။ သူတို့ အတော်မှုးတော့ ကိုထက်ရဲ့ အခွေဆိုင်မှာ ပြန်အိပ်ကြတယ်။ မနက်ကတော့ ကျနော် ကိုထက်ကို နှုတ်ဆက်ပြီး  မန္တလေးကို သွားမဲ့ ကားဂိတ်ဆီသွားခဲ့တယ်။

ကသာက အပြန်လက်ဆောင်တစ်ခုခုတော့ ဝယ်ချင်တာကြောင့် ဈေးထဲကို သွားပြီး ကသာမှာ နာမည်ကြီး ငါးချည်ကို ၁ ပိဿလောက် ဝယ် ၄ ထုပ် ထုပ်ပြီး ပြန်ခဲ့တယ်။ ဈေးထဲက ဒေါ်လေးဝင်း ဒေါ်လေးထွေးတို့ကိုနှုတ်ဆက် အခြား မိတ်ဆွေတွေကို နှုတ်ဆက် နောက် ကျနော် ချစ်တဲ့ ကသာမြို့ ကို နှုတ်ဆက်…………………………………..

ကသာအင်းတော်ဒိုင်ယာရီ ပြီးပြီ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s