ရမည်းသင်း မြို့စား ဖတ်ဖို့စာ

ကလေးလေးတစ်ယောက် ပြုံးနေတယ်။ လူငယ်လေးတစ်ယောက် ပြုံးနေတယ်။ ဦးလေးကြီး တစ်ယောက်ပြုံးနေတယ်။အားလုံး အားလုံးက ပြုံးနေတယ်။အားလုံး ပြုံနေတော့ ကြည့်လို့ကောင်းတယ် ရွင်နေတယ် ပျနေတယ် သွက်နေတယ် ပျော်နေကြတယ်။ ပြုံးနေတဲ့လူတွေ နေတဲ့ နေရာ ကပျော်စရာ နေလို့ကောင်းတဲ့နေရာ။ ကျနော်တို့ နေတိုင်း အချိန်တိုင်း ပြုံးနေကြရင်၊ ငြိမ်းချမ်းကြ၊ ပျော်ရွှင်နေကြရင် ကိုယ်သာမဟုတ်ပဲ အခြားသူတွေ အတွက်လည်း အကျိုးရှိမှာပဲ။ ကျနော်တို့ အသက်တာမှာ တန်ဖိုးရှိရှိနေချင်ရင် မိုးလင်း အိပ်ယာနိုးတာနဲ့ ပြုံးပြုံးလေးနေကြမယ်။ နံနက်ခင်း ကို လှပကြက်သရေရှိသွားအောင် ပြုံးလိုက်တာဟာ အကောင်းဆုံးနည်းပဲ။ ကျနော်တို့ ပြုံးလိုက်တာဟာ ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေကြရအောင်ဆိုတဲ့ စိတ်နေသဘောထားကို ပြသတာပဲ။ နိုးကြားတက်ကြွပြီး ငြိမ်းချမ်းလိုတဲ့ နှလုံးသားကို ပိုင်ဆိုင်မှ ပြုံး နိုင်မှာလေ။ နိုမို့ရင် ဘယ်ပြုံးနိုင် မတုန်း။
အိပ်ယာက နိုးထလာတာနဲ့ ပြုံးဖို့ကို သတိရအောင် သတိပေးစာသားလေးတစ်ခု၊ သင်္ကေတလေး တစ်လုံး၊ ပန်းချီကားလေး တစ်ချပ်လောက် အိပ်ယာနားမှာ စချိတ်ထားနိုင်ပါတယ်။ နိုးထလာတိုင်း ပြုံးဖို့ရနေမေ ဝသီပါနေရင်တော့ ထွေထွေထူးထူးသတိပေးစရာ အကူပစ္စည်းတွေ မလိုတော့ဘူးပေါ့။ ဒီင်္လိုရင် အကောင်းဆုံးပဲ လိုရင်းက နိုးထလာတိုင်း အပြုံးနဲ့ စဖို့ပါပဲ။
မနက်ခင်း နိုးထလာတိုင်း ငှက်အော်သံကြားတာပဲဖြစ်ဖြစ်၊ နေရောင်ခြည်းအလင်းရောင်တိုးဝင်လာတာပဲ ဖြစ်ဖြစ်၊ ကိုယ့် အမေက ကိုယ့်ကို အိပ်ယာထဖို့ နိုးလိုက်တာပဲ ဖြစ်ဖြစ် ပြုံးလိုက်လိုက်တယ်။ နံနက်ခင်း အပြုံးတစ်ခုနဲ့ စထားလို့ နောက်တစ်နေ့လုံး သိမ့်သိမ့်မွေမွေ ငြင်ငြင်သာသာ နားလည်မှုရှိရှိနဲ့ ငြိမ်းချမ်းနေဖို့ ဒီအပြုံးလေးဟာ အထောက်ကူပြုတယ်။
ပန်းချီဆရာတွေ၊ ပန်းပုဆရာတွေ၊ ဓာတ်ပုံဆရာတွေက အပြုံးလေးတွေကို ရေးဆွဲကြ၊ ထုဆစ်ကြ ၊ရိုက်ကူးကြတယ်။ ဒီလို အနုပညာ ပစ္စည်း ပြုံးပြုံးလေးတွေ ရလို့ ဖန်တီးတဲ့ အနုပညာရှင်ကလည်း ပြုံးနေဖို့ လိုတာပေါ့။ တကယ်လို့ အနုပညာရှင်က ပုပ်စပ်နေတဲ့စိတ်နဲ့ စိတ်ဆိုးဒေါသထွက်နေတဲ့ စိတ်နဲ့ဆိုရင် လှပနေတဲ့ အပြုံးကို ဖန်တီးနိုင်မှာ မဟုတ်ဘူး။ ဘာမှမဟုတ်ဘူး အပြုံးလေးပဲ အပြုံးလေးသက်သက်ပဲ အဲသလောက် အပြုံးလေးကိုက သောကတွေ မောပန်းမှုတွေ ပင်ပန်း နွမ်းနယ်မှုတွေကို ပျောက်သွားအောင် ကျနော်တို့ မျက်နှာ ကြွက်သားတွေ ကို ဖြေလျော့သွားစေနိုင်တယ်။ ကျနော်တို့ နှုတ်ခမ်းလေးပေါ်က အပြုံးလေး တစ်စ၊ အပြုံးလေး တစ်ငုံ၊ အပြုံးလေး တစ်ဖူး၊ အပြုံးလေး တစ်ပွင့်ဟာ ကိုယ်ကိုကိုယ်သိမှု၊ ကိုယ်ကိုကိုယ် သတိရှိမှု၊ ငြိမ်းချမ်းမှု အများကြီးကို ပေးစွမ်းနိုင်တယ်။ ကျနော်တို့ ပျောက်ဆုံးနေတယ်လို့ ထင်နေတဲ့ အေးငြိမ်းချမ်းသာမှုတွေ ကိုပြန်လည်ရရှိစေတယ်။
ကျနော်တို့ရဲ့ အပြုံးဟာ ကိုယ်ရော၊ သူများပါ ချမ်းသာစေနိုင်တယ်။ သူများကို အပြုံးမပါပဲ ငွေကုန်ကြေးကျခံ ပြီး လက်ဆောက်ပစ္စည်း ပေးရင်တောင် သူများ စိတ်ချမ်းသာစေမှာမဟုတ်ဘူး။ ပိုက်ဆံ တစ်ပြားမှမကုန်ပဲ တပါးသူကို အပြုံးလေးတစ်ပွင့်လောက် လက်ဆောင်ပေးလိုက်ရင် သေချာတယ်ဗျို့ သူစိတ်ချမ်းသာသွားမှာ အမှန်ပဲ။ ပြီးတော့ ပြုံးလိုက်ရင် လှနေတာပဲ ဘယ်သူပြုံးပြုံး လှနေမှာ ကုလားကြီး ပြုံးပြုံး၊ တရုတ်ကြီးပြုံးပြုံး ၊ ဗမာကြီးပြုံးပြုံး ၊ ကချင်ကြီး ပြုံးပြုံး – ပြုံးတဲ့ သူက လှနေတယ် ရွှင်နေတယ် ကြည်နေတယ် ဝင်းနေတယ်။ ပျားရည်က သရက်ပင်မှာဆွဲဆွဲ တမာပင်မှာဆွဲဆွဲ ဘယ်ပင်မှာ ဆွဲဆွဲ ချိုသလိုပ အပြုံးဟာ လည်း ဘယ်သူဆီမှာ ပြုံးပြုံး လှနေတာ။
အမုန်းတရားနဲ့ နှလုံးသား ကတော့ ပြုံးလို့ မရဘူး။ ကိုယ်ကိုကိုယ်သိလိုက်တာနဲ့ သတိရှိ လိုက်တာနဲ့ အမုန်းတွေ ဒေါသတွေ ပယ်ခွာသွားမယ်။ အမုန်းမရှိတော့ရင် အပြုံးရောက်လာတယ်။ ဘယ်လိုမှ မပြုံးနိုင်တော့ ရင်တောင် ပန်းပွင့်နေတွေကိုကြည့် သူတို့က ကိုယ်စားပြုံးပေးလိမ့်မယ်။ သူတို့ပြုံးတာ ကို မြင်ရင် ကိုယ်လည်း ပြုံးလာနိုင်မယ်။ ပြုံးလိုက်တာနဲ့ ငြိမ်းချမ်းသွားသလို ငြိမ်းချမ်းတာနဲ့ ပြုံးသွားတာပဲ။ အပြုံးက ငြိမ်းချမ်းခြင်းအစ အပြုံး အစကလည်း ငြိမ်းချမ်းခြင်းပဲ။
ဟော အခု ပြုံးချင်လာပြီမဟုတ်လား မျက်လွာလေးကို ချ ကိုယ်ရဲ့ ဝင်သက် ထွက်သက်လေးကို အာရုံပြုလိုက်ပါ ကိုယ်ရှင်သန်နေတာ တည်ရှိနေတာကိုသိနေတာ ပျော်စရာမဟုတ်လား ကျနော်တို့ အသက်ရှုနေတာ ရွှင်ပြုံးစရာ ပဲ မဟုတ်လားဗျာ။
ကဲ ဒီတော့ စ ပြုံးလိုက်ရအောင်

Peace is Every Step (The Path of Mindfulness in Everyday Life) by Thich Nhat Hanb

Leave a comment