ဖုန်း…ဖုန်း…ဖုန်း…တယ်လီဖုန်း

တယ်လီဖုန်းဆိုတဲ့ အရာကို အလက်ဇန်းဒါး ဂရေဟမ်ဘဲလ် ဆိုတဲ့သူက စပြီးတီတွင်ခဲ့တယ်။ သူရဲ့နောက်ပိုင်း အခုခေတ်အထိ ဖုန်းကို အမျိုးမျိုးတီထွင် ပြောင်းလဲတိုးတက် လာလိုက်တာ အခုဆို ဖုန်းကနေပြီး အသံတင်မဟုတ် အနံ့တောင် ပို့လွတ်လို့ ရနေပြီဆိုပဲ။

ကျွန်တော့် အနေနဲ့တော့ ဖုန်းဆိုတာကို စစချင်းသိဖူးတာက ငါးနှစ်သားလောက်မှာ အဖေက ပြည်ပရောက်နေတော့ အဖေကို ဆက်သွယ်ဖို့၊ စကားပြောဖို့ ဘေးအိမ် ငါးအိမ်၊ ခြောက်အိမ် ကျော်လောက်မှာ အခပေးပြီး ဖုန်းဆက်ရတယ်။ အမြဲတမ်းလည်း မဆက်နိုင်ဘူး။ တစ်လမှ တစ်ခါလောက် ဆက်နိုင်တာ။ ကျွန်တော်က ငယ်သေးတော့ ဘယ်ကို ဘယ်လိုခေါ်ရတယ်၊ ဖုန်းနံပါတ် ဘယ်လို နှိပ်ရတယ်ဆိုတာ မသိဘူး။ အဖေ့ဆီ ဖုန်းဆက်တဲ့အခါ အဲဒီဖုန်းပိုင်တဲ့အိမ်က အမေ့ကိုတောင် ဖုန်းနံပါတ် နှိပ်ခွင့်မပေးဘူး။ ဆက်သွယ်မယ့် ဖုန်းနံပါတ်ကိုပြပြီး ဖုန်းပိုင်ရှင်က ခေါ်ပေးတယ်။ ဖုန်းခလုတ်တွေ ပျက်မှာစိုးလို့တဲ့။ အဲဒီအချိန်က ဖုန်းဆိုတာ လူကုံထံတွေရဲ့ အဆောင်အယောင်၊ ဓနဥစ္စာရဲ့ ပြယုဂ်၊ ခေတ်မီခြင်းရဲ့ သင်္ကေတ။

နောက်ပိုင်း ကျွန်တော်တို့ ဘေးအိမ် ဆွေရိပ်မျိုးရိပ် မကင်းတဲ့အိမ်မှာ ဖုန်းပါမစ် (ငှားရမ်း အသုံးပြုခွင့်) ရလာတယ်။ ကျွန်တော်လည်း ၆ တန်း ၇ တန်းအရွယ် ရောက်ပြီ။ အဲဒီအချိန်မှာတော့ ဖုန်းကိုနံပါတ် နှိပ်ပြီး ခေါ်တတ်သွားပြီးပေါ့။ ကျောင်းနေဖက် ဖုန်းရှိတဲ့ သူငယ်ချင်းတွေက ကျွန်တော့်ဆီ ဖုန်းဆက်ရင် ကျွန်တော့်မှာ သွားကိုင်ရတာ အမော၊ ဖုန်းဆက်ပြီးပြောတဲ့ အကြောင်းအရာတွေက ကျောင်းပြေးဖို့၊ ရေကူးဖို့၊ ဘောလုံးစုကန်ဖို့ စတဲ့စတဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေကို အဲဒီဖုန်းနဲ့ ပြောကြ ဆိုကြတာပေါ့။ ကျွန်တော် မိဘလူကြီး မပါဘဲ ဖုန်းကိုင်တတ်လာတယ်။ ဘယ်လို ဖုန်းခေါ်ရမလဲ စသိလာပြီ။

နောက် ကျွန်တော် ၁၀ တန်းပြီးတော့ ကျွန်တော့် ကြီးတော်အိမ်မှာ သွားနေရတယ်။ ကြီးတော်အိမ်က ဖုန်းကိုယ်ပိုင် ရှိတဲ့အပြင် ကြိုးမဲ့ဖုန်း (တစ်နည်း ဟန်းဖုန်း) လည်း ရှိတော့ ဒီဖုန်းတွေနဲ့ ပိုပိုပြီး ရင်းနှီးလာတယ်။ ဘယ်လိုဖုန်းခေါ်ရလဲ သိလာတယ်။ ဖုန်းနဲ့ ကောင်မလေးတွေ ကြူလိုက်၊ သူငယ်ချင်းတွေနဲ့ အလွမ်းသယ်လိုက် လုပ်တတ်လာတယ်။ ဒါပေမဲ့ ဖုန်းဆိုတာ ငါတို့လူငယ်တွေ ကိုယ်ပိုင် ကိုင်စရာ အရာမဟုတ်ဘူးလို့ပဲ ထင်နေတုန်း။

တက္ကသိုလ် ရောက်တော့ ငွေကြေးချမ်းသာတဲ့ သူငယ်ချင်းတွေက ဖုန်းကို အသုံးအဆောင် အဖြစ်ရော၊ အဆင်တန်ဆာ အဖြစ်ရော လည်ပင်းမှာဆွဲပြီး လမ်းသလားကြတယ်။ ဖုန်းတွေက မဲနှိုက်ရတယ်။ ပေါက်ရင် ၁၅ သိန်းပေးပြီး (ငှားရမ်းခွင့်) ပါမစ်ရတယ်။ ပြန်ရောင်းမယ်ဆိုရင် သိန်း ၂၀၊ ၃၀ နဲ့ ရောင်းလို့ရတယ်။ အဲဒီအချိန်က ကျွန်တော့် သူငယ်ချင်းတွေ ပြောတာကတော့ ဖုန်းကို လည်ပင်းမှာဆွဲပြီး လမ်းသလားရင် စော်ကြည်သတဲ့။

နယ်ကနေပြီး ရန်ကုန်မှာ အပြီးနေမယ် ဆုံးဖြတ်ပြီး ရန်ကုန် ရောက်လာတော့ နယ်မှာထက် ရန်ကုန်က သူတွေက ဖုန်းကို ပိုကိုင်ကြတယ်ဆိုတာ တွေ့ရတယ်။ ဟန်းဖုန်း ဆိုတာမျိုးကို ငါတို့လည်း ကိုင်နိုင်မှာပါဆိုပြီး စတွေးမိတယ်။ ဘဝတူ သူငယ်ချင်းတချို့ ဖုန်းတွေ ဝယ်ကြတယ်။ ကျွန်တော်က သူတို့ဖုန်းနဲ့ ကပ်ဆက်တယ်။ တစ်နေ့ ငါလည်း ဖုန်းဝယ်နိုင်ရမယ်လို့ စိတ်ထဲ တေးထားမိတယ်။

နောက်ပိုင်း ကျွန်တော် အခွင့်အခါသင့်လို့ ပြည်ပကို သွားရောက်ခွင့် ရခဲ့တယ်။ ပြည်ပက အိမ်ရှင် သူငယ်ချင်းက ကျွန်တော့်ကို ဖုန်းဝယ်ပေးတယ်။ ကုန်ကျစရိတ်က မြန်မာငွေ သောင်းဂဏန်းပဲ ရှိတယ် (ဟန်းဆက်ပါ အပါအဝင်) ကျွန်တော် တေးထားတဲ့အရာ ဖြစ်လာခဲ့ပြီ။ ကျွန်တော့်ရဲ့ ပထမဆုံး ဟန်းဖုန်းပေါ့။ ပျော်လိုက် ဝမ်းသာလိုက်တဲ့ ဖြစ်ခြင်း။ ဖုန်းကို ကိုင်ရင်းနဲ့ လက်တောင်တုန်တယ်။ အဲဒီ တိုင်းပြည်မှာနေတဲ့ ကျွန်တော် သိသမျှ မြန်မာနိုင်ငံသားတွေကို အကုန်ဖုန်းဆက်။ ငါဖုန်းရပြီ ဒီဖုန်းကို ခေါ်လို့ရတယ် သိလား၊ ဘာညာ အကြိမ်တစ်သောင်းလောက် ဆက်ပြီး ပြောခဲ့သေးတယ်။ တစ်ခါမှ မကိုင်ဖူးတဲ့ ဖုန်းကို ကိုင်ရလို့လား မသိ။ အပျော်တွေလွန်ပြီး ၃ ပတ်လောက် အကြာမှာ အဲဒီဖုန်းလေး ပျောက်သွားခဲ့တယ်။ အသစ်ပြန်ဝယ်ဖို့ စဉ်းစားပေမယ့် အဲဒီ တိုင်းပြည်ကနေ နောက်တိုင်းပြည်တစ်ခု ကူးရမှာမို့ နောက်ရောက်မယ့် တိုင်းပြည်မှာပဲ ဖုန်းဝယ်ဖို့ စဉ်းစားတယ်။

နောက်ရောက်တဲ့ တိုင်းပြည်မှာ ကျွန်တော် တစ်နှစ်နီးနီး နေရမှာမို့ ဖုန်းဝယ်တယ်။ အဲဒီမှာတော့ ဖုန်းဆင်းမ်ကတ်က ဝယ်ရတာ နည်းနည်း ဇယားနောက်တယ်။ ပတ်စပို့ မိတ္တူပေးရတယ်။ ဈေးကတော့ အရင်တိုင်းပြည်က ဈေးလိုပဲ ချိုမှချို။ မကောင်းတာ တစ်ခုတော့ ရှိတယ်။ သူက ကိုယ်ဝယ်တဲ့ ပြည်နယ်ထဲမှာ ဆက်ရင် ဖုန်းကသက်သာပြီး တခြားပြည်နယ်ကို ရောက်ရင် ဖုန်းခေါ်ဆိုခက ဈေးကြီးမှကြီး။ ဘာပဲပြောပြော ဖုန်းလေးရှိတာ အဆင်ပြေတာပေါ့ဗျာ။

ကျွန်တော် ကိုယ့်တိုင်းကိုယ့်ပြည် ပြန်လာတော့ ကျွန်တော်တို့ တိုင်းပြည်မှာ ပြုပြင်ရေးတွေ စနေပြီတဲ့။ အရင်က ၁၅ သိန်းပေးရတဲ့ ဖုန်းက ငါးသိန်းပဲ ပေးရသတဲ့။ နောက်သိပ်မကြာပါဘူး။ ဖုန်းတွေက ၂ သိန်းနဲ့ (ငှားရမ်းခွင့်) ရပြီတဲ့။ ဘယ်သူဝယ်ဝယ် ၂ သိန်းနဲ့ ရပြီတဲ့။ ပျော်လိုက်တဲ့ ဖြစ်ခြင်း။ လက်ထဲမလည်း ငွေယားလေးရှိတုန်း အပြေးလေး သွားငှားလိုက်တယ်။ ဟန်းဆက်ကလည်း လန်းတယ်။ အရင် ပြည်ပမှာ ကိုင်ခဲ့တဲ့ ခပ်ပိန်းပိန်း ခလုတ်ဖုန်းတွေ မဟုတ်ဘူး။ ဖန်သားပြင်ကို ထိတွေ့ရတဲ့ဖုန်း၊ စက်ရုပ်ဖုန်း၊ အန်းဒရိုက်ဖုန်း။ ဖုန်းနာမည်က ဟွာဝေးဆိုပဲ။ ပေါ့သေးသေးတော့ မဟုတ်ဘူးနော်။

နောက်ဖုန်းတွေ (ငှားရမ်းခွင့်) ၁၅၀၀ ဆိုပဲ။ လူတိုင်းတော့ မရဘူးနော်။ ရပ်ကွက်ထဲမှာ အိမ်ထောင်စုစာရင်း ပုံစံတစ်ဆယ် ရှိသူတိုင်း မဲနှိုက်ခွင့် ရှိသတဲ့။ ကျွန်တော်တို့လို ဧည့်စာရင်းနဲ့ နေတဲ့သူအတွက် ဒီအခွင့်အရေးက မရဘူးပေါ့။ ထေရဝါဒ မြန်မာနိုင်ငံသားတွေ ကံအကြောင်းတရားတွေကို ပိုမိုသိရှိ နားလည်လာဖို့ နိုင်ငံတော်ရဲ့ မဲဖောက်ကံစမ်းတဲ့ အစီအစဉ်ဟာ သိပ်ပြီးတော်တည့် မှန်ကန်လှတာပဲ။ ကျေးဇူးကြီးလှပါတယ် မောင်မင်းကြီးသားတွေရယ်။

အဲဒါတွေပြီးတော့ ပြောင်းလဲရေး ဖြစ်စဉ်ရဲ့ရေချိန်က မြင့်သထက်မြင့် တိုးသထက်တိုးလာပေါ့။ မြန်မာ့ဆက်သွယ်ရေးက အနစ်နာခံပြီး လုပ်ပေးတဲ့ တယ်လီကွန်မြူနီကေးရှင်း လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် လုပ်မယ်တဲ့။ နိုင်ငံတကာ ကုမ္ပဏီတွေ လျှောက်ထားကြပါတဲ့။ အဲဒီကျမှ စာထဲ ခဏခဏ သင်ဖူးတဲ့ နိုင်ငံစုံ ကော်ပရေးရှင်း ဆိုတာကြီးကို နဖူးတွေ့ဒူးတွေ့ မြင်ဖူးကြားဖူးတော့တယ်။

ဒီလိုလုပ်ပိုင်ခွင့် လျှောက်လွှာတင်တဲ့ နိုင်ငံစုံ ကော်ပရေးရှင်းကြီးတွေ အများကြီးထဲက တယ်လီနောဆိုတဲ့ နော်ဝေအခြေစိုက် ကုမ္ပဏီနဲ့ အော်ရီဒူးဆိုတဲ့ ကာတာအခြေစိုက် ကုမ္ပဏီတို့က လုပ်ပိုင်ခွင့်ရတယ်။

ဒီနိုင်ငံစုံ ကုမ္ပဏီက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အရှုံးခံပြီး အနစ်နာခံပြီး လုပ်နေတဲ့ တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းကို အမြတ်ထွက်မယ်လို့ ထင်ပြီး သူတို့ ပျော်ပျော်ကြီး လာပြီး လုပ်ကိုင်ကြတယ်။ ကြော်ငြာတွေ အများကြီး ကြော်ငြာတယ်။

ဒီလို အကြော်ငြာကြီး ကြော်ငြာပြီး နောက်ပိုင်း အရင်ဆုံး ထွက်လာမယ့်ဖုန်းက အော်ရီဒူးတဲ့။ ဖုန်းခေါ်ခလည်း သက်သာမယ်၊ အင်တာနက်ကလည်း မြန်မယ်၊ လိုင်းကလည်း ကောင်းမယ်တဲ့။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အော်ရီဒူးလဲ။ သူများအရှုံးခံပြီး အနစ်နာခံပြီး လုပ်နေတဲ့ လုပ်ငန်းကို ဈေးသက်သက်သာသာနဲ့ ဆောင်ရွက်ပေးမယ်တဲ့။ စိတ်ထား ကောင်းလိုက်တာ၊ ရက်ရောလိုက်တာ ဘုရားလောင်းတွေများ ဦးဆောင်နေတဲ့ ကုမ္ပဏီပဲ ဖြစ်မယ်လို့တောင် ကျွန်တော် ယူဆမိတယ်။

ဒီအော်ရီဒူးဖုန်းကို မသုံးဖို့ မဝယ်ဖို့ အခမ်းအနားတွေ ဘာတွေ လုပ်ကြတယ်။ ကြည့်လိုက်စမ်းပါ။ ကျုပ်တို့ မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ် ဘယ်လောက်များ မြင့်မြတ်လိုက်သလဲ။ သူတစ်ပါး တိုင်းတစ်ပါး ကုမ္ပဏီ အနစ်နာခံ အရှုံးခံပြီး လုပ်မှာကို မကြည့်ရက်ကြဘူး၊ မနစ်နာစေချင်ဘူး ဘယ်လောက်များ မြင့်မြတ်လိုက်သလဲ။

ဒီလို ရှုံးမှာစိုးလို့ ကန့်ကွက်နေတဲ့ ကြားထဲက အော်ရီဒူး ဖုန်းကတ်တွေကို ရောင်းလိုက်ပြီ။ ၁၅၀၀ ကျပ်နဲ့ ကြိုက်သလောက်ဝယ် ငှားရမ်းတာ မဟုတ်ဘူး။ ဝယ်လိုက်တာ တရားဝင် ဖုန်းပိုင်ပြီဟေ့။ ရင်ခုန် စိတ်လှုပ်ရှားလွန်းလို့ ကျွန်တော် ခွဲထားတဲ့နှလုံး အပြင်ပေါက်ထွက် သွားမှာတောင် စိုးရတယ်။ အော်ရီဒူးက ၁၅၀၀ နဲ့ ရောင်းတာကို အပြင်မှာ ၂၀၀၀၊ ၃၀၀၀၊ ၄၀၀၀ နဲ့ ရောင်းကြတယ်။ အော်ရီဒူး ရှုံးမှာစိုးလို့ ဒီလို ရောင်းပေးတာပါ။

ကျွန်တော်လည်း အများနည်းတူ အားကျမခံ အော်ရီဒူးကို ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာတွေ မကုန်ဆုံးချင် တစ်ညအလိုမှာ ဝယ်လိုက်တယ်။ ဖုန်းဆင်းမ်ကတ် ကျွန်တော် ပိုင်ပြီ။ အခုလို ပိုင်ဆိုင်ခွင့်ပေးတဲ့ ဘုရားသခင်နဲ့ နိုင်ငံတော်အစိုးရကို သိပ်သိပ် ကျေးဇူးတင်တာပဲ။ ကျွန်တော် ဝယ်လိုက်တဲ့ ဆင်းမ်ကတ်က ကျွန်တော့်ဖုန်းနဲ့ မရကြောင်း ဝယ်ပြီးမှ ကျွန်တော် သိလိုက်ရတယ်။ ကျွန်တော်ကိုက မော်ဒယ်နိမ့်တဲ့ ၁ သိန်း ၉ သောင်းလောက်ပဲ ပေးရတဲ့ ဖုန်းခပ်စုတ်စုတ်ကို သွားဝယ်ကိုင်မိတာကို ဘယ်တတ်နိုင်မလဲ။

ကျွန်တော်ကိုင်တဲ့ ဖုန်းက မရပေမယ့် ကျွန်တော် ညီမလေး မသုံးတဲ့ ဖုန်းအအားလေး (အလွတ်) မှာ ဆင်းမ်ကတ် ထည့်ကြည့်တော့ရတယ်။ ငွေမဖြည့်မိတဲ့ MPT ဖုန်းကတ်နဲ့ ကျွန်တော့်ကို Miss Call ပေးတယ်။ ကျွန်တော်က အော်ရီဒူးဖုန်းနဲ့ ပြန်ခေါ်တယ်။ ဘယ်လောက် အဆင်ပြေလိုက်သလဲ။

ဖုန်းခေါ်က သက်သာတယ်။ ၁ မိနစ်မှ အော်ရီဒူး အချင်းချင်းဆို ၂၅ ကျပ် တခြားဖုန်းကို ဆိုရင် ၃၅ ကျပ် စာတိုတစ်စောင် ၂၅ ကျပ် အင်တာနက်က ၁ လ 1 GB ကို ၁၀,၀၀၀ ကျပ်တဲ့။ ဖုန်း တစ်မိနစ်ကို ဆိုတာမျိုးက ဖုန်းခေါ်ပြီး ၁၀ စက္ကန့်ပြောလည်း ၁ မိနစ်ပဲ။ ၅ စက္ကန့်ပြောလည်း ၁ မိနစ်ပဲ။ ၁ စက္ကန့်ဝင်ပြီး ပြန်ကျသွားလည်း တစ်မိနစ်ပဲ။ ဘယ်လောက် တွက်ရတာ လွယ်သလဲ။ သာဓုပါတော် သာဓုပါတော် အော်ရီဒူး ပိုင်ရှင်တွေ ချမ်းသာကြပါစေ ကျန်းမာကြပါစေ ဘေးဘယာတွေ ဝေးကွာကြပါစေတော်။

သြ မေ့လို့။
အော်ရီဒူး ဆင်းကတ်ထည့်ထားတဲ့ ဖုန်းကို Ring Tone ပေးရဦးမယ်။ အော်ရီဒူး Ring Tone ကိုတော့ ကုသိုလ်ရအောင် မြဝတီမင်းကြီး ဦးစရေးတဲ့ ဘုရားရှင်ရဲ့ရောင်ခြည်တော် ခြောက်သွယ်ကို အဖွင့်ဆိုထားတဲ့ သီချင်းလေးကိုပဲ Ring Tone ထားလိုက်ပါတော့မယ်။ ကျေးဇူးရှင် အော်ရီဒူး ပိုင်ရှင်တွေလည်း ကုသိုလ်ရအောင် အော်ရီဒူးဖုန်းက Ring အသံမြည်တိုင်း ကြည်ညိုသဒ္ဓါ ပွားမိတာ အမှန်ပါ။

ဟော အော်ရီဒူး ဖုန်းသံ မြည်လာပြီ…….

‘ထူးမခြားနား… မီးရေစုံသား… ရောင်တော်ထွေပြား…ပြောင်းလိုလို့… များထွေ…ထူးထွေတည့် အံ့ရာသား…’

http://thevoicemyanmar.com/index.php/perspective/item/2552-ppp

                                                                                                                                                                                   မောင်ဥဂ္ဂါ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s