ဈေးဝယ်ထွက်ခြင်း

ဈေးဝယ်ထွက်တာနဲ့ ပတ်သက်ပြီး မှတ်မိသလောက်ဆို ငယ်ငယ်က မေမေ သုံးဆယ်စိုက်-သိပ္ပံမှာ ရှိတုန်း သုံးဆယ်ဈေးထဲ အမေသွားရင် လိုက်နေကျ။ ဈေးက တစ်ပတ်နေမှ တစ်ခါ လောက်သာ ထွက်ရတာ။ စိုက်-သိပ္ပံထဲမှာက စားဖို့သောက်ဖို့ အတော်အများ ရှိပြီးသား၊ မွေးမြူရေးခြံ ကနေ ကြက်ဥနဲ့ နွားနို့ရတယ်။ ဝန်ထမ်း ဆန်လည်းရတယ်။ ဟင်းသီးဟင်းရွက်တွေက လည်း ဝန်ထမ်းဆရာ/မတွေ စိုက်ထားပျိုးထားတာတွေ အပုံကြီးရှိတော့ အထူးအထွေလိုမှပဲသွားဝယ်ဖြစ်တယ်။ အပြင်က ဝယ်စရာ များများစားစားလည်း မရှိဘူးကိုး။
သုံးဆယ်ဈေးထဲ သွားတာ ကျနော်တော့ ပျော်တယ်။ ဈေးထဲ လက်ဖက်ရည်ဆိုင်က လက်ဖက်ရည်ချိုဆိမ့်နဲ့ အီကြာကွေးက တစ်ပတ်မှာ တစ်ခါပေါ်တဲ့ နတ်သုဒ္ဓါပဲ။ ဈေးဝယ်တဲ့အခါ အမေက ဦးဆောင်ဝယ်တယ်။ ကျနော် က ငယ်သေးတော့ ဈေးခြင်းတောင်းကအစ အမေပဲကိုင်တယ်။ အမေက လက်တစ်ဖက်နဲ့ ကျနော့်ကိုဆွဲ တစ်ဖက်က ဈေးခြင်းတောင်းကိုင်ပြီး ဈေးဝယ်ထွက်ရတာ။ ကျနော်က ဟိုဟာလက်ညှိုးထိုး ဒီဟာလက်ညှိုးထိုး ပူဆာတာပဲ။ ပူဆာတယ်ဆိုပေမယ့် တောမြို့လေးက ကလေးတစ်ယောက်ရဲ့ လိုအင်က ရွှေသွေး တေဇ မိုးသောက်ပန်း စာစောင်တွေရဲ့အဝန်းအဝိုင်းထက် အပြင်ကိုမရောက်ဖြစ်ပါ။ ဈေးနှုန်းတွေ လောက်၏ မလောက်၏တွေ ဘာမှ ပူစရာမလိုဘူးပေါ့။ ကံကောင်းလို့ ပူဆာတဲ့ ဟာရရင် ပျော်ရတယ် အမေနဲ့ အတူဈေးဝယ်ရတာ ကျနော့်အတွက် ပျော်စရာကြီးပါ။
ကျနော် ၁၀ နှစ်ကျော်လာတော့ လူကောင်က နည်းနည်းထွားလာပြီ။ အမေလည်း သုံးဆယ်ကနေ ရန်ကုန်ကို ပြောင်းတယ်။ ရန်ကုန်မှာတော့ သုံးဆယ်မှာလို မွေးမြုရေးခြံမရှိ စိုက်ခင်းမရှိ လယ်ကွင်းမရှိ။ ထူထူထပ်ထပ် ပေါက်ရောက်နေတဲ့ လူနေအိမ်တွေနဲ့ ဆိုင်တွေ အများကြီး ဆိုတော့ ဆယ်ကျော်သက် ကျနော့်အတွက် မျက်စိဆန်းသား။
အမေက အရင်လိုမုန့်မထည့်ပေးဘဲ မုန့်ဖိုးပေးတယ်။ သုံးစရာတွေကလည်း များတယ်။ အရုပ်တွေ ကာတွန်း စာအုပ်တွေ သရေစာတွေနဲ့ သုံးဆယ်မှာလို လက်ဖက်ရည်နဲ့ အီကြာကွေးတင်မဟုတ် ဘာစားမလဲ ဘာလိုလဲ ဘာဝယ်ချင်သလဲ ကြိုက်တာပြော ပိုက်ဆံရှိဖို့ပဲလိုတယ် ဆိုတဲ့ အခြေအနေဖြစ်လာတယ်မို့လား။ ဈေးဝယ်ရတာလည်း သုံးဆယ်တုန်းကလို တစ်ပတ်မှ တစ်ခါပဲ မဟုတ်တော့ဘဲ နေ့တိုင်း နေ့တိုင်း ဝယ်ရတယ်။ အနည်းဆုံးတော့ ငွေနည်းနည်းနဲ့ အနီးအနားဆိုင်တွေမှာ နေ့တိုင်းနီးပါး ဈေးဝယ်ရတယ်။ အဖေ့အတွက် ကိုဝတုတ်ဆိုင်က ကွမ်းယာ၊ ကျနော့်အတွက် ခေတ်လိုက်စတိုးဆိုင်က ရီနိုးဘောပင် ပေတံ ခဲတံ၊ အမေဝယ်ခိုင်းတဲ့ တရုတ်မဆိုင်က ငရုတ်သီးမှုန့် မဆလာ ဆပ်ပြာ ဆန် စတဲ့ စတဲ့ ပစ္စည်းလေးတွေ ကျနော်သွားဝယ်ပေးရတတ်တယ်။
တစ်ခါတလေ အမေ ဈေးဝယ်ရင်တော့ လိုက်ဖြစ်တုန်းပဲ။ အထုတ်ဆွဲ ခြင်းဆွဲ အကူပေါ့။ အဖေနဲ့လည်း ဈေးဝယ်ထွက်ဖူးတယ်။ အဖေက အလေးချိန်ရင် အတိအကျမှကြိုက်တယ်။ လိုရင်လည်း မကြိုက်သလို ပိုထည့်ပေးတာကိုလည်း လက်မခံတတ်ဘူး။ ဈေးဝယ်ရင်လည်း စာရင်းကိုက် အင်းကိုက်ပဲ ဝယ်လေ့ ရှိတယ်။ ဘာလေးဆုံတုန်းမို့ ညာလေးတန်လို ဝယ်လိုက်မယ်လေဆိုတာမရှိဘူး။ အဖေက ကျနော့်ကို ဝယ်ရမယ့် ပစ္စည်းစာရင်းပေးပြီး တစ်ယောက်တည်း ဈေးထွက်ဝယ်ခိုင်းတတ်တယ် စာရင်းအတိုင်းပဲ အတိအကျဝယ်ရတယ်။ မရောနိစ် ဝယ်ခိုင်းတာ အသံမထွက်တတ်လို့ မဝယ်လာ မိတဲ့ အခါ အဆူခံရတာတွေ ဘာတွေရှိတယ်။ မရောနိစ် ကို ကျနော်မြန်မာမှုပြု မှတ်ထားတာက “မရောနဲ့” တဲ့ အဟိ။
နောက် မန္တလေးက ကြီးတော်ဆီနေတော့လည်း သူဈေးဝယ်ထွက်ရင်လိုက်ဖြစ်ပါတယ်။ တာဝန်ကတော့ အထုတ်ဆွဲ ခြင်းဆွဲပေါ့။ ဝယ်စရာရှိတာ ကြီးတော်ကဝယ် ကျနော်ကိုင်တဲ့ အထုတ်ထဲ ထည့် ပြီးရင် အိမ်ပြန် အထုတ်ထဲက ပစ္စည်းတွေခွဲ သူနေရာသူထားပေါ့။
နောက် ကသာမှာနေတော့ အတူနေတဲ့ အစ်ကိုတွေနဲ့ ဈေးဝယ်ထွက်ရပြန်တယ်။ အဲဒီအစ်ကိုက ဘာဝယ်မယ် ညာဝယ်မယ် ဆိုတာကို သူဆုံးဖြတ်တယ် သူဝယ်တယ်။ ဒါပေမဲ့ ကျနော့်ကို တစ်ခါ တစ်ခါ အကြံတောင်းတာ တွေ ဘာတွေ ရှိတယ်။ ဘာဝယ်ချင်လဲ ညာဝယ်ချင်လဲ စသဖြင့်ပေါ့လေ။ သူကတော့ ဘယ်အခါဈေးဝယ် ဝယ် ကြက်ဥတော့ မပါမဖြစ် ဝယ်တယ်။အဲဒီအစ်ကိုက ကြက်ဥဆိုင်ရှင် ကုလားမလေးကို ဖွန်ကြောင်နေမှန်း နောက်မှ သိတယ်။ အဲဒီမှာ ကျနော်မှတ်သားမိတာကတော့ ဈေးဝယ်ရင်း ဖွန်ကြောင်လို့ ရပါလားလို့ပေါ့။
တက္ကသိုလ်တက်တော့လည်း ဈေးဝယ်ရတာ မလွတ်ပြန်ဘူး။ အဆောင်နေသူငယ်ချင်းရဲဘော် တွေ ပိုက်ဆံ အစုလိုက်အပြုံလိုက် ပြတ်လပ်တဲ့အခါ ရဲဘော်အပေါင်း မျိုဖို့ စို့ဖို့ မုံရွာ မန်ကျည်းပင်ဈေး သာစည်ဈေး တို့မှာ ဈေးဝယ်ရပြန်တယ်။ ဒီတစ်ခါမှာတော့ ပိုက်ဆံ လောက်တာ မလောက်တာ၊ အများအားလုံး စားဖို့ သောက်ဖို့ လောက်ငဖို့ ဆိုတဲ့ စံနှုန်းတွေနဲ့ တိုက်ပြီး ဝယ်ရပြန်တယ်။ အတူနေ သူငယ်ချင်းတွေထဲမှာလည်း ဆန် တစ်ပြည်စ နှစ်ပြည်စ ကြွပ်ကြွပ်အိတ်နဲ့ ထုတ်ဝယ်တာကို ရှက်တဲ့အကောင်ကပါသေး။ ကျနော်ကတော့ ဈေးနဲ့ မစိမ်းသမို့ ပိုက်ဆံနည်းပါးလာရင် ချွေတာဝယ်တာပဲ။ အချိန်ရောက်တိုင်း စုချက်စားရမယ်ဆိုရင် ဈေးဝယ်ဖြစ်တိုင်း ကျနော်အမြဲပါလေ့ရှိပါတယ်။
ကျောင်းပြီးလို့ ရန်ကုန်နေတော့လည်း ဈေးတွေတော့ဝယ်ဖြစ်တယ်။ အများဆုံးဝယ်ဖြစ်တာကတော့ စာအုပ် နောက် စပ်မိစပ်ရာ အတိုအထွာလေးတွေဝယ်ဖြစ်တယ်။ သူငယ်ချင်း စုပြီးတစ်ခုခုချက်စားရင်လည်း ဈေးဝယ်ထွက်ဖြစ်ပါတယ်။ အိန္ဒိယမှာနေတော့လည်း သက်သတ်လွတ်သာစားတဲ့ ဘုန်းကြီးကျောင်းထဲ အသားစားချင်လွန်းလို ဈေးဝယ်ထွက်ဖြစ်တယ်။
ကျနော်ကတော့ ငယ်ငယ်လေးထဲက အခုထိဈေးဝယ်ထွက်နေရတုန်းပဲ။ အိမ်ထောင်ကျတော့လည်း ဈေးဝယ်ထွက်ခြင်း ကိစ္စက မလွတ်ကင်းသေးဘူးဗျ။ တစ်ခါတစ်ခါ ရွှေမိနဲ့ အတူ ဈေးဝယ် တစ်ခါတစ်ခါ သူတစ်လှည့် ကိုယ်တစ်လှည့် ဈေးဝယ်ထွက်ရပြန်တယ်။ ဈေးဝယ်ထွက်ရတဲ့ ရည်ရွယ်ချက်တွေကလည်း မတူတော့ အရင်ကတော့ ကိုယ်က နောက်လိုက် အသာလေးလိုက်ရုံ ဒါမှမဟုတ် ခိုင်းတဲ့ အတိုင်းဝယ်ပေးလိုက်ရုံ ဒါမှမဟုတ် ကိုယ်အ့တွက် သူငယ်ချင်းတွေ အတွက် ရံဖန်ရံခါ ဈေးဝယ်ထွက်ရ တာမျိုးမို့လား။ အခုအိမ်ထောင်သည်ဘဝ ဈေးဝယ်ထွက်ရတာကတော့ ကိုယ့်အိမ် အတွက်၊ ကိုယ့် အိမ်သူသက်ထား ရွှေမိအတွက်၊ အိမ်လာလည်မဲ့ အပေါင်းအသင်းအတွက်၊ နှစ်ဖက်မိဘ အတွက်၊ ဆွေမျိုး မိတ်သဟာအတွက် များစွာရှိတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ပတ်သက်ဆက်နွှယ်သူတွေအတွက် ဝယ်ရတာမျိုးဖြစ်လာပြီ ။ ဘယ်သူက ဝယ်ခိုင်းလို့ ဆိုတာထက် ဝယ်သင့်လို့ ဝယ်ရတာမျိုးပေါ့လေ။
ဈေးဝယ်ထွက်တဲ့ အခါသုံးဖို့ ပိုက်ဆံကလည်း မိဘပေးတဲ့ မုန့်ဖိုးမဟုတ် သူငယ်ချင်းတွေစုကောက်ထားတဲ့ သောက်စားရန်ပုံငွေမဟုတ် လင်မယားနှစ်ယောက်ရဲ့ လုပ်ခ လစာ ပိုက်ဆံတွေ ဖြစ်တယ်။ ဒီတော့ အရင်က ဈေးဝယ်ထွက် အတွေ့ကြုံတွေထက် ပိုပြီး ဆင်ခြင်မှုပါတဲ့ ဈေးဝယ်ထွက်ခြင်းမျိုးကို ပြုလုပ်လာရတယ်။ အိမ်မှာ လိုအပ်ရဲ့လား မလိုအပ်ဘူးလား တွက်ရတယ်။ လိုအပ်တယ်ဆိုလာရင်လည်း ဝယ်သင့်ရဲ့လား မဝယ်သင်ဘူးလား စဉ်းစားရပြန်တယ်။ ဝယ်သင့်တယ်ဆိုလာရင်လည်း ဈေးမှန်ရဲ့လား ဂျင်းတည့်တာလား အမှန်အကန်လား တွေးတောရပြန်တယ်။ မှန်တယ် ကန်တယ် ဆိုတော့မှ ဝယ်မယ်ဆိုပြီး ဆုံးဖြတ်ရတယ်။ ဈေးဝယ်ခြင်းအမှုဟာ ငြိမ်းချမ်းရေး ဖယ်ဒရယ်အရေး မဟုတ်ပေမယ့် ကျနော်တို့အတွက် အရေးကြီးတယ်။
များစွာသော ဖြစ်စဉ်တွေကို ဖြတ်ကျော်ပြီးမှ ဈေးဝယ်ခြင်းအမှုကိစ္စပြီးမြောက်ပါတယ်။ ပေါ့သေးသေး ကိစ္စတော့ မဟုတ်ဘူးခင်ဗျ။ ပစ္စည်းတစ်ခုဝယ်မယ်လို စဉ်းစားတိုင်း အပေါ်က ပြောတဲ့ ဖြစ်စဉ်အတိုင်း ဆုံးဖြတ်ချက်ချမှတ်ဖို့ စဉ်းစားရသေးတယ်။နှစ်ယောက်ဈေးဝယ်ထွက်ရင် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ထောက်ခံလိုက် ကန့်ကွက်လိုက်နဲ့ အတည်ပြုပြီးဆောင်ရွက်ရတာ လွယ်ပါတယ်။ ဒါပေမဲ့ ဒီလိုအရေးကြီးတဲ့ ကိစ္စရပ်တွေကို ကျနော်တစ်ယောက်တည်း လုပ်ရတဲ့ အခါတွေဆိုရင် အတော်လေး တိုင်ပတ်ပါတယ်။
ဈေးဝယ်ခြင်းအတွေ့အကြုံ ကုံလုံကြွယ်နေပြီးသား ဖြစ်ပေမဲ့ တစ်ခုခုကို ကိုယ့်သဘောနဲ့ ကိုယ် ဝယ်လိုက်ပြီးနောက် ကျနော့်ရဲ့အရေးပိုင်မင်းရွှေမိ ပြန်လည်စစ်ဆေးရင် သူစံနှုန်းတွေနဲ့ မကိုက်ရင် သဘောထားကွဲလွဲ တာတွေဖြစ်ရပါတယ်။သူဝယ်ထားတဲ့အရာတွေလည်း ကျနော် စံနှုန်းတွေနဲ့မကိုက်ရင် သဘောထားကွဲလွဲမှုတွေဖြစ်လာတတ်ပါတယ်။ အဲဒီအခါကျရင်တော့ ဒိုင်ယာလော့တွေ၊ NVC (Non-Violence Communication) ဘာတွေသုံးပြီး ပြန်လည် ရင်ကြားစေ့ရပြန်တယ်။
အိမ်ထောင်သည်ဘဝ ဈေးဝယ်ရတာ ဖယ်ဒရယ်အရေး ငြိမ်းချမ်းရေး ဘာအရေး ညာအရေးမဟုတ်ပေမဲ့ ကျနော်တို့ အတွက်တော့ အရေးကြီးတယ်ဆိုတာပါပဲဗျာ။
ခင်ဗျားတို့ရော ဈေးဝယ်ထွက်ဖူးတယ်မို့လား။ စဉ်းစားကြည့်ကြပါဦး ဈေးဝယ်ထွက်ခြင်း အကြောင်းကို ။
မောင်ဥဂ္ဂါ23275358_10214813550919093_2996205900558881427_o
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s